မြန်မာတိုင်းရင်းသူ မွေထိုင်း လက်ဝှေ့မယ် တဦး ဖြစ်သူ ဘရော်နီကာက မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့တဲ့ ထိုင်းဘုရင့်ဖလား မွေထိုင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပြိုင်ဘက် ဖာနီ ပယ်လွန်ပီကို တတိယအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရကာ မွေထိုင်းချန်ပီယံ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ကယန်းလူမျိုး လက်ဝှေ့မယ် ဘရော်နီကာက ဘန်တန်ဝိတ်တန်းမှာ ကစားလေ့ ရှိတဲ့ လက်ဝှေ့မယ် တဦး ဖြစ်ပြီး သူမက မြန်မာ့ရိုးရာလက်ဝှေ့ကို စနစ်တကျ သင်ယူထားသလို Boxingနဲ့ မွေ့ထိုင်းလက်ဝှေ့ပညာမှာလည်း ကျွမ်းကျင်ပါတယ်။

Photo Credit: Lethwei World

ဘရော်နီကာက ထိုင်းဘုရင့်ဖလား မွေထိုင်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ ပြိုင်ပွဲစတင်ချိန်ကတည်းက ဗိုလ်လုပွဲ အထိ ပြိုင်ဘက်တွေကို အသာစီး ထိုးသတ်ကာ အနိုင်ယူလာခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာလည်း ၉ထပ်ကွမ်း မွေထိုင်း ချန်ပီယံ ပယ်လွန်ပီကို အလဲထိုးနဲ့ အနိုင်ယူကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဘရော်နီကာနဲ့ ပယ်လွန်ပီတို့ရဲ့ ပွဲစဉ်မှာ ဘရော်နီကာက ပွဲစတင်တာနဲ့ ပယ်လွန်ပီကို အလဲထိုးနိုင်ဖို့ တရစပ် တိုက်စစ်ဆင် ထိုးသတ်သွားခဲ့ပြီး ပယ်လွန်ပီကတော့ ဘရော်နီကာရဲ့ ပြင်းထန် အားပါတဲ့ လက်သီးချက်တွေကို အလူးအလဲ ခုခံခဲ့ရပါတယ်။

Photo Credit: Lethwei World

ပယ်လွန်ပီက ဘရော်နီကာရဲ့ ပြင်းထန်တဲ့ လက်သီးချက်တွေကို ဒုတိယအချီ အထိ တောင့်ခံနိုင်ခဲ့ပေမယ့် တတိယအချီမှာ ဘရော်နီကာရဲ့ ထိုးသတ်ချက်တွေကို ခုခံနိုင်ခြင်း မရှိတော့ပဲ အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ထိုင်းဘုရင့်ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပြီးနောက် ဘရော်နီကာက နောက်ထပ် မွေထိုင်းပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေသလို သူမရဲ့ အိမ်မက် ဖြစ်တဲ့ MMA ချန်ပီယံ တဦး ဖြစ်လာအောင် ဆက်လက် ကြိုးစားသွားမယ်လို့ သိရပါတယ်။