ဒီနေ့မနက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ UFC 295ပြိုင်ပွဲမှာတော့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရှူအာဗန်က ပြိုင်ဘက် ကီဗင် ဘော်ဂျာနဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ အလဲမထိုးနိုင်ခဲ့ပေမယ့် ဒိုင် ၃ဦးစလုံးရဲ့ အနိုင်ပေးမှုနဲ့အတူ အငြင်းပွားဖွယ် မရှိ အနိုင်ရရှိသွားခဲ့ပါတယ်။

ချင်းတိုင်းရင်းသားလေး ဂျိုရှူအာဗန်က UFCရဲ့ လက်ရည်စစ်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် UFC အဖွဲ့အစည်းက သူ့ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Clutch Points

ယနေ့မနက်မှာတော့ ဂျိုရှူအာဗန်က ပီရူးနိုင်ငံသား ကီဗင် ဘော်ဂျာနဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရပြီး နှစ်ဦးစလုံးက အလဲထိုးနိုင်ပွဲ ရရှိရေး အတွက် ဦးတည်ကာ ထိုးသတ်ခဲ့ကြတာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

ပထမအချီမှာ ကီဗင် ဘော်ဂျာက ထောက်လက်သီးတွေ ၊ နင်းခြေတွေ ၊ တပတ်လှည့်ကန်ချက်တွေ သုံးကာ ဂျိုရှူအာဗန်ကို အကွာအဝေးထိန်း ကစားခဲ့ပြီး ဂျိုရှူအာဗန်ကတော့ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တာကြောင့် ကစားပုံ ဖော်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: UFC

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဂျိုရှူအာဗန်ရဲ့ လက်သီးတွဲလုံးတွေက ကီဗင် ဘော်ဂျာကို ဒုက္ခပေးလာနိုင်ခဲ့ပြီး ဂျိုရှူအာဗန်ရဲ့ ဝိုက်လက်သီး တချက် ဘော်ဂျာရဲ့ နံကြားထဲကို ဝင်သွားခဲ့သလို ဂျိုရှူအာဗန်က ဘော်ဂျာကို ချုပ်ကွက်နဲ့လည်း ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဂျိုရှူအာဗန်က ပြိုင်ဘက် ဘော်ဂျာကို ၁၅၇ချက် အထိ ထိမှန်အောင် ထိုးနိုင်ခဲ့ပြီး ဘော်ဂျာကတော့ ဂျိုရှူအာဗန်ကို ၇၅ချက်သာ ပြန်ထိုးနိုင်ခဲ့တာကြောင့် ဒိုင်လူကြီး ၃ဦးစလုံးက ဂျိုရှူအာဗန်ကို တညီတညွတ်ထဲ အနိုင်ပေးသွားခဲ့ပါတယ်။