မကြာမီက ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြတဲ့ နယ်သာလန် MMA ကြယ်ပွင့် ကစားသမား ဒီရိုင်ဒါနဲ့ ရုရှား MMAကြယ်ပွင့် ကစားသမား မာလီခင်တို့ရဲ့ One Championship လိုက်ဝိတ်ချန်ပီယံခါးပတ်လုပွဲမှာ မာလီခင်က ရှုံးပွဲ မရှိသေးတဲ့ ဒီရိုင်ဒါကို ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ကာ လိုက်ဝိတ်ချန်ပီယံခါးပတ်ကို သိမ်းပိုက်သွားခဲ့ပါတယ်။

ဒီရိုင်ဒါက မြန်မာ့ဂုဏ်ဆောင် ကစားသမား အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်နဲ့ လိုက်ဝိတ်ချန်ပီယံခါးပတ်တို့ကို ရယူ သိမ်းပိုက်ထားတဲ့ ကစားသမား ဖြစ်ပြီး သူဟာ One Championshipပြိုင်ပွဲမှာ ရှုံးပွဲ တပွဲမှ မကြုံတွေ့သေးတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: One Championship

တဖက်မှာလည်း One Championshipရဲ့ ကြားဖြတ် ဟဲဗီးဝိတ် ချန်ပီယံ မာလီခင်က ရှုံးပွဲ တပွဲမှ မတွေ့သေးတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ဒီရိုင်ဒါရဲ့ စိန်ခေါ်မှုကြောင့် လိုက်ဝိတ်တန်းကို ဆင်းလာကာ ဒီရိုင်ဒါရဲ့ လိုက်ဝိတ်ချန်ပီယံခါးပတ်ကို လာလုခဲ့ပါတယ်။

မာလီခင်နဲ့ ဒီရိုင်ဒါတို့ နှစ်ဦးက ချန်ပီယံတွေ ဖြစ်ပေမယ့် ဒီနေ့မနက်ပိုင်းမှာ သူတို့နှစ်ဦး ထိုးသတ်ခဲ့တဲ့ ပွဲဟာ လိုက်ဝိတ်ချန်ပီယံ ခါးပတ်လုပွဲ ဖြစ်ပြီး ဝိတ်လျှော့ထားတဲ့ မာလီခင်က ဝိတ်တင်ထားရတဲ့ ဒီရိုင်ဒါကို အလွယ်တကူပဲ ထိုးသတ်နိုင်ကာ ပထမအချီမှာပဲ ပွဲဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit: One Championship

ဒီရိုင်ဒါက လိုက်ဝိတ်ခါးပတ်ကာကွယ်ပွဲမှာ မာလီခင်ကို ပွဲစတင်ကတည်းက သူ့ရဲ့ ဝသီအတိုင်း ဝင်လုံးကာ ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူ့ထက် ဝိတ်ပိုကြီးတဲ့ မာလီခင်က သူ့ရဲ့ ချုပ်ကွက်တွေကို အလွယ်တကူ ချေဖျက်ပြနိုင်ခဲ့ပြီး ဒီရိုင်ဒါကို သူ့ရဲ့ ညာဝိုက်လက်သီးတွေနဲ့ ပြန်လည် ဒုက္ခပေးခဲ့ပါတယ်။

ဒီရိုင်ဒါက ချုပ်ကွက်သာ ကောင်းမွန်ကာ အထိုးအသတ် ညံ့ဖျင်းတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် မာလီခင်ကို ချုပ်ကွက်နဲ့ အသာစီး မရနိုင်တဲ့အခါ ကစားကွက် ပျောက်သွားခဲ့ပြီး မာလီခင်ကတော့ သူ့ရဲ့ ညာဝိုက်လက်သီးတွေနဲ့ ဒီရိုင်ဒါကို ချောင်ပိတ်ကာ ထိုးနှက်ခဲ့ပြီး ပထမအချီ ပြည့်ခါနီး အချိန်မှာပဲ သူ့ရဲ့ ပြင်းထန်အားပါတဲ့ ညာဝိုက်လက်သီးချက်နဲ့ ဒီရိုင်ဒါကို ပွဲသိမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်။