ဝါရင့် ကမ္ဘာကျော် လက်ဝှေ့သမားကြီး မေဝဲလ်သာကတော့ သူနဲ့ UFCကြယ်ပွင့် မက်ဂရီဂေါ်တို့ဟာ လာမယ် ၂၀၂၃ခုနှစ် အတွင်းမှာ မကျေပွဲ ပြန်ထိုးဖို့ စီစဉ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမား ဘဝမှာ ရှုံးပွဲမရှိ ဆိုတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် လက်ဝှေ့ကျော် မေဝဲလ်သာက UFCကြယ်ပွင့် ဩဂုတ်လ ၂၆ရက်နေ့ ၊ ၂၀၁၇ခုနှစ်မှာ အလွတ်တန်း တကြိမ် ထိုးသတ်ခဲ့ဖူးပြီး အဆိုပါပွဲမှာ မေဝဲလ်သာက မက်ဂရီဂေါ်ကို ၁၀ချီမြောက်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Express

မေဝဲလ်သာနဲ့ မက်ဂရီဂေါ်တို့ နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ နာမည်ကြီးသူတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦး ထိုးသတ်ခဲ့တဲ့ ပွဲစဉ်ကလည်း အတော်လေးကို အောင်မြင်ခဲ့ပြီး အဆိုပါပွဲမှာ မေဝဲလ်သာက ထိုးသတ်ကြေး ဒေါ်လာ ၂၈၀သန်း အထိ ရရှိခဲ့သလို မက်ဂရီဂေါ်ကလည်း သူ့ရဲ့ ကစားသမား ဘဝ ထိုးသတ်ကြေး အမြင့်ဆုံး အဖြစ် ဒေါ်လာ ၁၃၀သန်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မက်ဂရီဂေါ်နဲ့ မေဝဲလ်သာတို့ နှစ်ဦးစလုံးက သူတို့နှစ်ဦးရဲ့ မကျေပွဲကို လာမယ့်နှစ်ထဲမှာ ပြန်လည် ထိုးသတ်ကြဖို့ စီစဉ်နေတာ ဖြစ်ပြီး မက်ဂရီဂေါ်ကတော့ အသက်အရွယ်ကြောင့် အကျပိုင်း ရောက်လာတဲ့ မေဝဲလ်သာကို ပထမဦးဆုံး အနိုင်ရတဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူချင်နေသလို မေဝဲလ်သာကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးပွဲ အဖြစ် မက်ဂရီဂေါ်ကို အနိုင်ထိုးပြီး ငွေပုံကြီး သိမ်းယူဖို့ ကြံစည်နေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ မေဝဲလ်သာနဲ့ မက်ဂရီဂေါ်တို့ နှစ်ဦးစလုံးက သူတို့နှစ်ဦးရဲ့ မကျေပွဲ အတွက် ပွဲစီစဉ်ပေးမယ့် လူတွေနဲ့ စတင် ဆွေးနွေးနေပြီး မေဝဲလ်သာကတော့ သူနဲ့ မက်ဂရီဂေါ်တို့ရဲ့ မကျေပွဲဟာ လာမယ့် ၂၀၂၃ခုနှစ်မှာ ဖြစ်မြောက်လာဖို့ ရှိနေကာ သူ့ဘက်က သရုပ်ပွဲ သဘောမျိုးလောက်သာ ထိုးသတ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မေဝဲလ်သာက – “ကျွန်တော်တို့က ဒီတပတ်ထဲမှာ အပျော်ပွဲ တပွဲ ထိုးသတ်ဖို့ ရှိပါတယ်။ ဒါပြီးရင်တော့ လာမယ့် နိုဝင်ဘာလမှာ သရုပ်ပြပွဲ တပွဲကို ဒူဘိုင်းမှာ ထိုးသတ်ပြဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်နဲ့ မက်ဂရီဂေါ်ရဲ့ ပွဲကတော့ လာမယ့် ၂၀၂၃ခုနှစ်မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ရဲ့ မကျေပွဲက တကယ့်ပွဲ ဖြစ်မလား ၊ ဒါမှမဟုတ် သရုပ်ပြပွဲပဲ ဖြစ်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးက သရုပ်ပြပွဲ သဘောမျိုး ထိုးသတ်ဖို့ပဲ ဆန္ဒရှိကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။