မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး လက်ရှိမှာတော့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝိန်း ရွန်နီဟာ လက်ရှိမှာတော့ ဘောလုံးနယ်ပယ်ကနေ စွန့်ခွာပြီး ဘောက်ဆင် အားကစားနယ်ပယ်ထဲကို ပြောင်းလဲ ခြေချလာဖို့ စီစဉ်နေပြီလို့ သိရှိလာရပါတယ်။

ဘောလုံးသမားဘဝကနေ ဘောလုံးနည်းပြအဖြစ် ပြောင်းလဲထားတဲ့ နည်းပြရွန်နီဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ် စီးတီးအသင်းကို ကိုင်တွယ်ပြီးနောက် ရလဒ်တွေ ဆိုးရွှားနေခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံထားခဲ့ရပါတယ်။

Photo Credit : SPORTbible

ကစားသမားဘဝမှာ အောင်မြင်မှုတွေ အမြောက်အများ ရယူနိုင်ခဲ့ပေမယ့်လည်း နည်းပြဘဝမှာတော့ ဒါဘီ ကောင်တီ ၊ ဒီစီ ယူနိုက်တက် နဲ့ ဘာမင်ဂမ်တို့ကို နည်းပြခဲ့ရာ ဘာအောင်မြင်မှုမှ မယ်မယ်ရရ ရယူနိုင်ခဲ့ခြင်း မရှိပဲ အခုလည်း အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရွန်နီဟာ ဘောလုံးအားကစားပြီးရင် သူ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အားကစားနည်းတစ်ခုဖြစ်သော ဘောက်ဆင် အားကစားထဲကို ဝင်ရောက်ဖို့အထိပါ စတင် စဉ်းစားလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Utddistrict

အခု ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရွန်နီဟာ အင်္ဂလန် နာမည်ကြီး Youtuber တစ်ဦးဖြစ်တဲ့ KSI ဖွဲ့စည်းထားတဲ့ Misfits ဘောက်ဆင်ပွဲကို ဝင်ရောက် ဆင်နွဲဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီလို့ သိရှိရပါတယ်။

တကယ်လို့များ ရွန်နီသာ Misfits Boxing ထဲ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ရွန်နီက သူရဲ့ ပထမဆုံး ပွဲဦးထွက်မှာပဲ Misfits ရဲ့ Founder ဖြစ်သူ KSI နဲ့ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဆွေးနွေးမှုတွေက အစောပိုင်းအဆင့်မှာသာ ရှိနေသေးတယ်လို့ သိရှိထားရပါတယ်။