စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ စပိန်အသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပီဒရီကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ စပိန်အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ရင် ကတုံးတုံးပြီး အောင်ပွဲခံပြမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

ပီဒရီက အသက် ၁၉နှစ် အရွယ်သာ ရှိသေးပေမယ့် ဘာစီလိုနာနဲ့ စပိန် နှစ်သင်းစလုံးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းရဲ့ ကွင်းလယ်ကိုလည်း သူနဲ့ အသင်းဖော် စီနီယာ ကွင်းလယ်လူ ဘက်စ်ကွက်တို့က ဦးဆောင်လာမှာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဒါကြောင့် စပိန်အသင်းရဲ့ ပရိသတ်တွေက ပီဒရီ တယောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြကာ စပိန်အသင်းကို ကူညီနိုင်ဖို့ မျှော်လင့်နေကြပြီး ပီဒရီကလည်း စပိန်သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာ သူဟာ စပိန်အသင်း အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။

ဒါ့အပြင် အင်တာဗျူးသူက ပီဒရီကို စပိန်နဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ရင် ဘယ်လို အောင်ပွဲခံမလဲလို့ မေးမြန်းခဲ့ရာမှာတော့ ပီဒရီက စပိန်နဲ့သာ ကမ္ဘာ့ဖလား ရခဲ့ရင် ကတုံးတုံးပြမယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။ အင်တာဗျူးသူက စပိန်အသင်းသာ ကမ္ဘာ့ဖလား မရခဲ့ရင် ဘယ်အသင်းကို ကမ္ဘာ့ဖလား ရစေချင်လဲလို့ ထပ်မံ မေးမြန်းရာမှာ ပီဒရီက သူတို့အသင်းသာ ကမ္ဘာ့ဖလား မရခဲ့ရင် သူ့ရဲ့ အသင်းခေါင်းဆောင်ဟောင်း လီယွန်နယ် မက်ဆီ ရှိနေတဲ့ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရစေချင်ကြောင်း ဆိုခဲ့ပါတယ်။

Photo Credit: AS English

ကမ္ဘာ့ဖလားသာ ရရင် ကတုံးတုံးပြီး အောင်ပွဲခံမယ့် အကြောင်းကို ပီဒရီက – “တကယ်လို့ ကျွန်တော်တို့ အသင်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ရင် ကျွန်တော်က ကတုံးတုံးလိုက်ပါမယ်။ ဒါက အတည်ပြောတာပါ။ ပြီးတော့ ကျွန်တော့်အသင်း အတွက် အရာအားလုံး ပေးဆပ် ကစားသွားပါမယ်”လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။