မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ အနားယူလိုက်တဲ့ အာဒီဘာယိုအာကင်ဖန်ဝါဆိုသူ ကစားသမားဟာ သူရဲ့ခြေစွမ်းခြေစတွေကြောင့် လူသိများခြင်း မဟုတ်ပဲ သာမာန်ဘောလုံးသသမားတစ်ဦးထက် ပိုမို ကြီးမားလွန်းတဲ့ body structure မျိုး ပိုင်ဆိုင်ထားလို့သာ သူ့ကို ပရိသတ်များစွာက သတိထားမိလာတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၄၀)အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဝိုင်ကမ်ဘီ ကစားသမားဟောင်းကြီး အာကင်ဖန်ဝါဟာ ဘောလုံးသမားတစ်ဦးထက် နပန်းသမားတစ်ဦးရဲ့ အသွင်အပြင်နဲ့ပါ ပိုမို ဆင်တူနေရပါတယ်။ သူကိုယ်တိုင်ကလည်း သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ပြီးချိန်မှာ ပရော်ဖက်ရှင် နပန်းသမားတစ်ဦးအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားဖို့ ဆန္ဒရှိနေတဲ့အတွက် အနှစ်(၂၀)ကြာမြင့်ခဲ့တဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး လပိုင်းအကြာမှာပဲ နပန်းသမားတစ်ဦးအနေနဲ့ ဗြိတိန်က နပန်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Progress Wrestling မှာ ပွဲဦးထွက် စတင် ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

တိုက်စစ်ကစားသမားဟောင်းကြီး အာကင်ဖန်ဝါဟာ ဗြိတိန်ရဲ့အိုလံပစ် လက်ဝှေ့သမားဟောင်းလည်းဖြစ် နပန်းသမားတစ်ဦးလည်းဖြစ်​တဲ့ အန်တိုနီအိုဂိုဂိုနဲ့ ပူးပေါင်းပြီး Progress Wrestling ပြိုင်ပွဲအတွင်း အောက်တိုဘာ (၂၃)ရက်နေ့မှာ စတင် ပါဝင်သွားမှာ ဖြစ်ပါတယ်။ အိုဂိုဂိုကတော့ ၂၀၁၉ခုနှစ်မှာပဲ လက်ဝှေ့သမားဘဝကနေ နပန်းသမားအဖြစ် ကူး​​ပြောင်းခဲ့တာဖြစ်ပြီး All Elite Wrestling (AEW) ပြိုင်ပွဲဆီ ဝင်ရောက်ခဲ့ပါတယ်။ ဒီလို နပန်းအတွေ့အကြုံကောင်းတွေနဲ့ ပြည့်ဝနေသူ အိုဂိုဂိုနဲ့အတူ နပန်း​လောကထဲကို ဝင်ရောက်လာတော့မယ့် အာကင်ဖန်ဝါဟာ ပြီးခဲ့တဲ့လက ဗြိတိန်မှာ ကျင်းပခဲ့တဲ့ WWE ရဲ့ Clash At The Castle ပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင် နာမည်ကျော် နပန်းသမားတစ်ဦးဖြစ်တဲ့ ရှိန်းမက်စ်နဲ့ပါ လေ့ကျင့်မှုတွေကို အတူတကွ ပြုလုပ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အာကင်ဖန်ဝါအနေနဲ့ WWE AEW တို့လို ကမ္ဘာ့ထိပ်သီး Wrestling Company တွေမှာ ပါဝင်ဖို့ မလွယ်ကူသေးပေမယ့် သူရဲ့တိုက်ရည်ခိုက်ရည် ကောင်းမွန်နေမယ် ဒါမှမဟုတ် စန်းတစ်ခု ဖြစ်လာမယ်ဆိုရင်တော့ အာကင်ဖန်ဝါကို နာမ​​ည်ကျော် wrestler တစ်ဦးအဖြစ် မြင်တွေ့လာရနိုင်ပါတယ်။