နာမည်ကျော် MMA ပြိုင်ပွဲတခု ဖြစ်တဲ့ UFCနဲ့ မကြာသေးမီကပဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ နာမည်ကြီး ဖိုက်တာ ဒီယက်ဇ်ကတော့ သူ့ကို ကြိုးဝိုင်းတွေထဲ ပြန်လာစေချင်ရင် တချိန်က WWEပြိုင်ပွဲမှာ လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားခဲ့သလို လက်ရှိမှာ နာမည်ကျော် ရုပ်ရှင်မင်းသား ဖြစ်နေတဲ့ The Rockနဲ့ ပွဲတည်ပေးမှပဲ ရလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ပြောကြားသွားခဲ့ပါတယ်။

Stand Fightရော Ground Fightပါ ကောင်းမွန်တဲ့ နိတ် ဒီယက်ဇ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ UFC နောက်ဆုံးပွဲ အဖြစ် ဒေဝေါကြီးလို့ နာမည်ပြောင် ရထားတဲ့ တိုနီ ဖာဂူဆန်နဲ့ ပွဲကြီး ထိုးသတ်ခဲ့ရာမှာ စတုတ္ထအချီမှာပဲ တိုနီ ဖာဂူဆန်ကို သူ့ရဲ့ နာမည်ကျော် ချုပ်ကွက်နဲ့ အနိုင်ရကာ UFC ကစားသမား ဘဝကို အနိုင်နဲ့ အဆုံးသတ်နိုင်ခဲ့သူပါ။

Photo Credit: Standard

နိတ် ဒီယက်ဇ်ဟာ မက်ဂရီဂေါ် ၊ ခါဘစ်တို့ နောက်ပိုင်း UFCရဲ့ ပရိသတ် အကြိုက်ဆုံး ဖိုက်တာတွေထဲက တဦး ဖြစ်တာကြောင့် UFCအဖွဲ့အစည်းက သူ့ကို စာချုပ်သစ် ထပ်ချုပ်ကာ ပွဲသစ်တွေ ထပ်ထိုးခိုင်းဖို့ ကြိုးစားခဲ့ပေမယ့် နိတ်ကတော့ သူ့ရဲ့ အသက်အရွယ်ကြောင့် ကစားသမား ဘဝ ကနေ ခေတ္တ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် နိတ်ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်ဆုံး ဖိုက်တာကြီး အနားယူသွားတာကို မမြင်ချင်သေးတာကြောင့် ကြိုးဝိုင်းထဲ ပြန်လာဖို့ နိတ်ကို တောင်းဆိုနေကြပြီး နိတ်က သူ့ကို ကြိုးဝိုင်းထဲ ပြန်လာစေချင်ရင် ပွဲစီစဉ်သူတွေအနေနဲ့ ဘာလုပ်ပေးရမလဲ ဆိုတာကို သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် အသိပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

နိတ်က သူ့ရဲ့ အကောင့်မှာ “ငါက The Rockနဲ့ ထိုးရမယ် ဆိုမှ ပြန်ထိုးမယ်။ အဲ့ဒီလို မဟုတ်ရင်တော့ ငါက အေးဆေးပဲ နေချင်တယ်” ဆိုပြီး တင်ကာ သူ့ရဲ့ ပရိသတ်တွေနဲ့ ပွဲစီစဉ်တွေကို အသိပေးခဲ့တာ ဖြစ်ပြီး နိတ်နဲ့ နီးစပ်သူတွေကတော့ နိတ်ဟာ UFCနဲ့ လမ်းခွဲထားပေမယ့် သူ့အတွက် ထိုးကြေး မြိုးမြိုးမြက်မြက် ရမယ့် အထူးပွဲတွေ ရှိလာရင် လက်ခံသွားဖွယ် ရှိကြောင်း သတင်းဌာနတွေကို ပြောကြားထားပါတယ်။