ကမ္ဘာကျော် MMAပြိုင်ပွဲကြီး တခု ဖြစ်တဲ့ UFCပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ ဒါနာဝှိုက်က သူဟာ တွစ်တာပိုင်ရှင် အီလွန်မက်နဲ့ အင်စတာဂရမ် ၊ ဖေ့စ်ဘုတ်တို့ ပိုင်ရှင် ဇူကာဘက်တို့ရဲ့ ထိုးပွဲကို စီစဉ်ပေးဖို့ ကြိုးစားနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီလွန်မက်နဲ့ ဇူကာဘက်တို့က ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ သူဌေးတွေ ဖြစ်ကြပြီး တွစ်တာနဲ့ SpaceXတို့ရဲ့ ပိုင်ရှင် အီလွန်မက်က အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံကျော် ကြွယ်ဝချမ်းသာကာ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့ရဲ့ ပိုင်ရှင် ဇူကာဘက်က အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ကြွယ်ဝ ချမ်းသာသူပါ။

Photo Credit: Standard

အီလွန်မက်က တွစ်တာကို ဝယ်ယူပြီးတဲ့နောက် မကြာခဏ ဆိုသလို ပွဲတွေ ရှာတတ်သူ ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ထဲမှာ အီလွန်မက်က ကိုယ်ခံပညာတွေ သင်ယူထားတဲ့ ဇူကာဘက်ကသာ သူနဲ့ ထိုးသတ်ဖို့ ဆန္ဒရှိမယ် ဆိုရင် သူဟာ သံဇကာကြိုးဝိုင်းထဲမှာ ဇူကာဘက်နဲ့ ထိုးသတ်ချင်ကြောင်း တွစ်တာပေါ်ကနေ ကြေညာခဲ့ပါတယ်။

ဘရာဇီးလ် ဂျူဂျစ်ဆု ပညာတွေ သင်ထားတဲ့ ဇူကာဘက်ကလည်း အီလွန်မက်ရဲ့ စိန်ခေါ်မှုကို လက်ခံကြောင်း အင်စတာဂရမ်ပေါ် ကနေ ပြန်လည် ကြေညာခဲ့ပြီး ဇူကာဘက်ကို အီလွန်မက်ကို ကြိုက်တဲ့နေရာ ရွေးလိုက်ပါလို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Express

ဇူကာဘက်က သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံကြောင်း သိပြီးတဲ့နောက် အီလွန်မက်က အမေရိကန်နိုင်ငံ ၊ လက်စ်ဗီးဂတ်မြို့မှာ ရှိတဲ့ သံဇကာကြိုးဝိုင်းထဲမှာ ထိုးသတ်ချင်ကြောင်း ဇူကာဘက်ကို ပြန်ပြောခဲ့ကာ အင်တာနက် အသုံးပြုသူတွေက အီလွန်မက်နဲ့ ဇူကာဘက်တို့ဟာ တဦးနဲ့ တဦး အပြန်အလှန် စနောက်နေကြတာ ဖြစ်ပြီး အမှန်တကယ် မထိုးသတ်လောက်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် UFCဥက္ကဌ ဖြစ်သူ ဒါနာဝှိုက်ရဲ့ ပြောဆိုချက်အရ အီလွန်မက်နဲ့ ဇူကာဘက်တို့က အမှန်တကယ် ထိုးသတ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါနာဝှိုက်က – “အီလွန်မက်ရော ၊ ဇူကာဘက်ကပါ ဒီစိန်ခေါ်ပွဲကို ထိုးဖို့ ဆန္ဒရှိနေကြပါတယ်။ ကျွန်တော်က အချိန် ၁နာရီခွဲလောက် ကြာအောင် သူတို့နှစ်ယောက်နဲ့ ဖုန်းပြောပြီးပါပြီ။ သူတို့နှစ်ယောက်လုံးက “ဟုတ်တယ်။ ငါတို့တွေ ထိုးကြမယ်” ဆိုပြီး ပြောခဲ့ပါတယ်။ နှစ်ယောက်စလုံးက ဒီစိန်ခေါ်ပွဲကို ထိုးသတ်ချင်နေကြပါတယ်။ မက်က (ဇူကာဘက်) ကျွန်တော့်ကို အရင် ဆက်သွယ်ပြီး အီလွန်မက်က အတည်ကြီး ပြောနေတာလားလို့ လှမ်းမေးခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်က “ငါလည်း မသိဘူးလေ။ ငါ သူ့ကို မေးပေးမယ်” လို့ ပြောပြီး အီလွန်မက်ကို သွားမေးခဲ့ပါတယ်။ အဲ့ဒီမှာ အီလွန်မက်က “ဟုတ်တယ်။ ငါ တကယ် အဲ့ကောင်ကို ထိုးချင်နေတာ” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဇူကာဘက်နဲ့ အီလွန်မက်တို့ရဲ့ စိန်ခေါ်ပွဲက ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး လက်ဝှေ့ပွဲ ဖြစ်လာနိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ စိန်ခေါ်ပွဲက ဘယ်ပွဲထက်မဆို ကြီးကျယ် ခမ်းနားပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။