နာမည်ကြီး UFCကြယ်ပွင့် ကော်နာ မက်ဂရီဂေါ်ကတော့ သူဟာ အမေရိကန် နာမည်ကြီး အားကစားကုမ္ပဏီ တခု ဖြစ်တဲ့ Fenway Sports Group ကနေ အရောင်းစာရင်း တင်ထားတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

Fenway Sports Group (FSG)က လီဗာပူးကို ၂၀၁၀ခုနှစ်မှာ ပေါင် ၃၀၀သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး FSGက လီဗာပူးကို ဝယ်ယူခဲ့ပြီးနောက် ပေါင် ၅၀၀သန်းကျော် အသုံးပြုကာ အသင်းအတွက် ကစားသမားသစ်တွေ ဝယ်ယူပေးခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

FSGကြောင့်ပဲ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ အထည်ကြီးပျက်အသင်း အဖြစ် ကနေ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာခဲ့ပြီး လီဗာပူးရဲ့ တန်ကြေးကလည်း ၁၂နှစ် ကြာပြီးချိန်မှာ ပေါင် ၃၀၀သန်း ကနေ ပေါင် ၃ဘီလီယံကျော် အထိ ရှိလာခဲ့ပါတယ်။

ဒါကြောင့် FSGက လီဗာပူးကို ပြန်လည် ရောင်းချကာ တခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားကာ FSGက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လီဗာပူးကို အရောင်းစာရင်း တင်လိုက်သလို ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဘီလီယံနာတွေကလည်း လီဗာပူးကို ဝယ်ယူဖို့ အပြိုင်အဆိုင် ကမ်းလှမ်းနေကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး UFCကြယ်ပွင့် တဦး ဖြစ်သလို လက်ရှိမှာ ပေါင် ၁ဘီလီယံနီးပါး ကြွယ်ဝ ချမ်းသာတဲ့ ကော်နာ မက်ဂရီဂေါ်ကလည်း သူဟာ လီဗာပူးကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ မက်ဂရီဂေါ်က ပေါင် ၁ဘီလီယံ နီးပါးသာ ချမ်းသာပေမယ့် သူ့ရဲ့ မိတ်ဆွေတွေထဲမှာ ဘီလီယံနာတွေ ရှိနေပြီး သူဟာ သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ ဘောလုံးအသင်း တသင်းကို ဝယ်ယူဖို့ စိတ်ကူးရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသူပါ။

လီဗာပူးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို မက်ဂရီဂေါ်က – “ကျွန်တော်က လီဗာပူးကို ဝယ်ယူချင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ အကြံပေးတွေကိုလည်း လီဗာပူးနဲ့ ပတ်သတ်ပြီး စုံစမ်းပေးဖို့ ပြောထားပါတယ်။ ကျွန်တော်က ဒီသတင်းကို (လီဗာပူးကို ရောင်းမယ့်သတင်း) ကြားတဲ့ အချိန်ထဲက စပြီး လှုပ်ရှားနေခဲ့တာပါ။ လီဗာပူးက တကယ်ကို ကောင်းတဲ့ အသင်းပါ” လို့ ပြောကြားလာတာပဲ ဖြစ်ပါတယ်။ မက်ဂရီဂေါ်က လီဗာပူးကို ဝယ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူဟာ လီဗာပူးရဲ့ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ် တဦးပါ။