ယနေ့ နေ့လယ်ပိုင်းမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြတဲ့ နာမည်ကျော် လက်ဝှေ့သမားကြီး မေဝဲလ်သာနဲ့ MMA ကြယ်ပွင့် တဦး ဖြစ်သူ ဂျပန်နိုင်ငံသား အဆာကူရာတို့ရဲ့ သရုပ်ပြပွဲမှာတော့ မေဝဲလ်သာက ဒုတိယအချီမှာပဲ အဆာကူရာကို အလဲထိုးပြီး သူ့ရဲ့ အရည်အသွေးတွေကို ထပ်မံ သက်သေပြသွားခဲ့ပါတယ်။

အသက် ၅၀ ပြည့်ဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပေမယ့် ရှုံးပွဲမရှိသေးတဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိထားတဲ့ မေဝဲလ်သာဟာ လက်ရှိအချိန် အထိ ပြိုင်ဘက်တွေ တယောက်ပြီး တယောက်ကို အနိုင်ယူပြနေခဲ့ကာ အဆာကူရာနဲ့ ပွဲမှာလည်း သူ့ရဲ့ အတွေ့အကြုံနဲ့ သဘာကို အသုံးပြုပြီး အဆာကူရာကို အလဲထိုးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Japan Times

၃ချီ သရုပ်ပြပွဲ ဖြစ်တာကြောင့် မေဝဲလ်သာနဲ့ အဆာကူရာတို့ဟာ ပွဲစတာနဲ့ ခပ်မြန်မြန်ပဲ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ဖို့ ကြိုးစားခဲ့ကြပြီး အသက် ၃၀ အရွယ်သာ ရှိသေးတဲ့ အဆာကူရာက သူ့ရဲ့ ပါဝါနဲ့ ငယ်ရွယ်မှုကို အသုံးချကာ မေဝဲလ်သာကို ဖိထိုးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် မေဝဲလ်သာက သူ့ရဲ့ ထုံးစံအတိုင်းပဲ အဆာကူရာရဲ့ ထိုးချက်တွေကို လှလှပပ ရှောင်တိမ်းပြခဲ့သလို ဒုတိယအချီ အရောက်မှာ အဆာကူရာကို ပိုင်နိုင်တဲ့ လက်သီးတချက်နဲ့ အတူ အမှောက်သိပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Japan Times

အဆာကူရာနဲ့ ပွဲစဉ်ဟာ သရုပ်ပြပွဲသာ ဖြစ်ပေမယ့် မေဝဲလ်သာက အဆိုပါပွဲ အတွက် စုစုပေါင်း ထိုးကြေး ဒေါ်လာ ၃၀သန်းကျော် ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

မေဝဲလ်သာက လာမယ့် ဒီဇင်ဘာလထဲမှာ နောက်ထပ် သရုပ်ပြပွဲ တပွဲ ထပ်မံ ထိုးသတ်ဖို့ စီစဉ်ထားသလို ၂၀၂၃ခုနှစ် အတွင်းမှာလည်း သူ့ကို ရှုံးနိမ့်ခဲ့ဖူးတဲ့ မက်ဂရီဂေါ်နဲ့ ဒုတိယအကြိမ် အဖြစ် ပြန်လည် ထိုးသတ်ရန် ကြိုးစားနေပါသေးတယ်။