နာမည်ကြီး ဗြိတိန် ဟဲဗီးဝိတ် လက်ဝှေ့အကျော်အမော် တိုင်ဆန်ဖျူရီကတော့ မကြာသေးမီကပဲ ဗြိတိန် နာမည်ကြီး လက်ဝှေ့သမား ဂျိုရှူအာကို အနိုင်ရယူကာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို သိမ်းပိုက်ထားနိုင်တဲ့ ယူကရိန်း နာမည်ကြီး လက်ဝှေ့ချန်ပီယံ အူစွတ်ခ်ကို တပွဲတလမ်း အကဲစမ်းချင်ကြောင်း တရားဝင် စိန်ခေါ်လိုက်ပါတယ်။

ယူကရိန်း နာမည်ကြီး လက်ဝှေ့ချန်ပီယံ အူစွတ်ခ်က မကြာသေးမီကပဲ သူနဲ့ ဂျိုရှူအာတို့ရဲ့ မကျေပွဲကို ထိုးသတ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ အူစွတ်ခ်နဲ့ ဂျိုရှူအာတို့ နှစ်ဦးစလုံးက တဦးနဲ့ တဦး အလဲမထိုးနိုင်ခဲ့ပေမယ့် အူစွတ်ခ်က ဒိုင်လူကြီးတွေရဲ့ အမှတ်ပေးမှုနဲ့အတူ ဂျိုရှူအာကို အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: Talksport

အသက် ၃၅နှစ် အရွယ် ယူကရိန်း လက်ဝှေ့အကျော်အမော် အိုလက်ဇန်ဒါ အူစွတ်ခ်က သူ့ရဲ့ ဟဲဗီးဝိတ် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘဝမှာ ပွဲ၂၀ ထိုးသတ်ထားရာ ပွဲ၂၀စလုံးကို အနိုင်ရရှိထားပြီး ၁၂ပွဲကို အလဲထိုးနဲ့ အနိုင်ရရှိထားသလို ရှုံးပွဲ ၁ပွဲမှ မကြုံတွေ့ရသေးပါဘူး။

တဖက်မှာတော့ အသက် ၃၄နှစ် အရွယ် ဗြိတိန် လက်ဝှေ့အကျော်အမော် တိုင်ဆန်ဖျူရီကလည်း သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ရှုံးပွဲ ၁ပွဲမှ မကြုံတွေ့သေးတဲ့ ဟဲဗီးဝိတ် ချန်ပီယံ တဦး ဖြစ်ပြီး တိုင်ဆန်ဖျူရီက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ၃၃ပွဲ ထိုးသတ်ထားရာ ၃၂ပွဲနိုင် ၁ပွဲသရေ ရလဒ်ကို ရရှိထားကာ နိုင်ပွဲ ၃၂ပွဲမှာ ၁၈ပွဲကို အလဲထိုးနဲ့ အနိုင်ရရှိထားတာပါ။

Photo Credit: Talksport

ဒါကြောင့်ပဲ အူစွတ်ခ်က ဂျိုရှူအာကို အနိုင်ယူပြီးနောက် တိုင်ဆန်ဖျူရီနဲ့ ထိုးသတ်ချင်ကြောင်း ထုတ်ဖော် ပြောကြားထားသလို တိုင်ဆန်ဖျူရီကလည်း အူစွတ်ခ်နဲ့ ထိုးသတ်ဖို့ အဆင်သင့်ပဲလို့ ပြောကြားရင်း အူစွတ်ခ်ကို တရားဝင် စိန်ခေါ်သွားခဲ့ပါတယ်။

တိုင်ဆန်ဖျူရီက – “ခင်ဗျားတို့တွေ အရိုးသားဆုံး ပြောလိုက်ကြပါ။ ခင်ဗျားတို့တွေ အူစွတ်ခ်နဲ့ ဂျိုရှူအာတို့ရဲ့ ပွဲကို ကြည့်လိုက်ရင် သူတို့နှစ်ယောက်လုံးက သောက်ချေးတွေ ဆိုတာ သိကြပါတယ်။ ကျုပ်ကြည့်ဖူးတဲ့ ဟဲဗီးဝိတ်ပွဲတွေထဲမှာ အဲ့ဒီပွဲက အဆိုးဝါးဆုံးပဲ။ ကျုပ်က အဲ့ဒီနှစ်ကောင်လုံးကို တညထဲနဲ့ အမှောက်သိပ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ ချက်လက်မှတ်တွေ ယူလာခဲ့ကြ။ ကျုပ်က အူစွတ်ခ်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ အမြဲတမ်းလည်း အဆင်သင့် ဖြစ်နေဦးမှာပဲ” လို့ ရုပ်သံ အစီအစဉ် တခုမှာ ပြောကြားရင်း အီစွတ်ခ်ကို စိန်ခေါ်သွားခဲ့တာပါ။