နာမည်ကျော် UFCကြယ်ပွင့် ကော်နာ မက်ဂရီဂေါ်ကတော့ သူ့ရဲ့ အစဉ်အလာပြိုင်ဘက် ဒပ်စတင်ကို အရှုံးပေးခဲ့ရပြီးနောက် ပထမဦးဆုံးအကြိမ် ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်မယ့် ပွဲစဉ်မှာ ဝယ်သာဝိတ်တန်းရဲ့ ဘုရင်လို့ သတ်မှတ်ခံထားရတဲ့ အူစမန်နဲ့ ထိုးသတ်ချင်ကြောင်း စိန်ခေါ်သွားခဲ့ပါတယ်။

အိုင်ယာလန်သားကြီး မက်ဂရီဂေါ်ဟာ MMAပြိုင်ပွဲတွေထဲမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ရရှိနေတဲ့ UFCပြိုင်ပွဲရဲ့ နာမည်ကြီး ဖိုက်တာ တဦး ဖြစ်ပြီး ဘယ်လိုပြိုင်ဘက်နဲ့မဆို တိုက်စစ်ဖွင့်ကာ ထိုးသတ်လေ့ ရှိတဲ့ သူ့ရဲ့ ထိုးသတ်ပုံကြောင့်ပဲ ပရိသတ်တွေကလည်း သူ့ရဲ့ ပွဲတွေကို မလွတ်တမ်း ကြည့်ရှု အားပေးလေ့ ရှိပါတယ်။

Photo Credit: Metro

တဖက်မှာတော့ နိုင်ဂျီးရီးယား လူသန်ကြီး ဆိုတဲ့ နာမည်ပြောင်ကို ရထားတဲ့ ကာမာရု အူစမန်ကလည်း UFC ဝယ်သာဝိတ်တန်းရဲ့ ပြိုင်ဘက်ကင်း ဖိုက်တာ တယောက် ဖြစ်ပြီး အူစမန်ဟာ ပြိုင်ဘက်တိုင်းကို ကြမ်းတမ်းတဲ့ ကစားပုံမျိုးနဲ့ ထိုးသတ်လေ့ ရှိတာကြောင့် နာမည်ကျော်သူပါ။

ဒါကြောင့်ပဲ လူသန်ကြီး တဦးလို သန်မာတဲ့ အူစမန်နဲ့ ကော်နာတို့သာ ထိုးသတ်ခဲ့ရင် ကော်နာအနေနဲ့ အူစမန်ကို အပြတ်အသတ် ရှုံးနိမ့်နိုင်ကြောင်း ပရိသတ်တွေက သုံးသပ်နေကြပြီး ကော်နာ မက်ဂရီဂေါ် ကတော့ သူ့ရဲ့ ဝသီအတိုင်းပဲ အူစမန်ကို ငပျင်းကြီးလို့ ခေါင်းစဉ်တပ်ကာ ရန်စသွားခဲ့သလို အူစမန်နဲ့ ဝယ်သာဝိတ်တန်း ခါးပတ်လုပွဲကို ထိုးသတ်ဖို့လည်း ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

မက်ဂရီဂေါ်က – “ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ တကျော့ပြန် ခရီးမှာ အူစမန်နဲ့ ပေါင် ၁၇၀တန်း ခါးပတ်လုပွဲကို ယှဉ်ပြိုင် ထိုးသတ်ချင်နေပါတယ်။ အရိုးသားဆုံး ပြောရရင်တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်က ဘယ်သူ့ကိုမှ မဆက်သွယ်ရသေးပါဘူး။ ကျွန်တော်က ပေါင် ၁၅၅တန်းမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ လူတယောက်ပါ။ အခုချိန်မှာ ကျွန်တော့်ရဲ့ လိုက်ပ်ဝိတ်တန်း ကျော်ကြားမှုက အနည်းငယ် ကျဆင်းနေပေမယ့် ကျွန်တော်က အရင်လို သန်မာနေပါပြီ။ ကျွန်တော် နေလို့ ထိုင်လို့ ကောင်းတယ်။ ခန္ဓာကိုယ်လည်း ပိုကြီးလာတယ်။ အားအင်တွေလည်း အပြည့် ရှိပါတယ်။ ကျွန်တော်က ဒဏ်ရာကို ခွဲစိတ်ထားသလို အကောင်းဆုံး အနေအထားကို ပြန်ရအောင်လည်း လုပ်ထားပြီးပါပြီ။ ဒဏ်ရာကို အကြောင်းပြပြီး အချိန်ဆွဲ နားနေတာမျိုး မလုပ်ချင်တော့ဘူး။ ပြီးတော့ အူစမန်နဲ့ ထိုးသတ်ရင်လည်း နိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိပါတယ်။ အူစမန်က ထောက်လက်သီး ထိုးရတာ ပျော်ပြီး အပျင်းကြီးတဲ့ ငပျင်းတကောင်ပါ။ သူ ဘာတွေ လုပ်နေလဲ ဆိုတာ ကျွန်တော် မသိဘူး။ ပြီးတော့ သူက ကျွန်တော့်ကို အန္တရာယ်ပေးနိုင်တဲ့ ဖိုက်တာလို့လည်း မခံစားရပါဘူး” လို့ စိန်ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။