ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို စွဲစွဲလမ်းလမ်း အားပေးတဲ့ လူကြမ်းကြီး ကော်နာ မက်ဂရီဂေါ် ကတော့ သူဟာ ရုရှားသူဌေး အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ပြောကြားလာခဲ့ပါတယ်။

ရုရှားဘီလီယံနာ တဦးဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ဖြစ်ရပ်နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတရပ် အနေနဲ့ သူ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီးကို ရောင်းချရမယ့် အခြေအနေကို ရောက်ရှိနေသလို အေဘရာမိုဗစ်ချ်က ယနေ့မနက်ပိုင်းမှာပဲ ချယ်လ်ဆီးကို ရောင်းချတော့မယ့် အကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်သလို အသင်းရဲ့ ကျော်ကြားမှုနဲ့ ပရိသတ် အင်အားကြောင့် လက်ရှိအချိန်မှာ အေဘရာမိုဗစ်ချ်ဆီ ကနေ ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ သန်းကြွယ်သူဌေးတွေ အများအပြား ရှိနေကြပါတယ်။

ချယ်လ်ဆီးကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ သန်းကြွယ်သူဌေးတွေထဲမှာ မက်ဂရီဂေါ်လည်း ပါဝင်နေပြီး မက်ဂရီဂေါ်က တန်ကြေး ယူရို ၃ဘီလီယံ ဝန်းကျင် အထိ ရှိတဲ့ ချယ်လ်ဆီးကို သူ တဦးထဲ မဝယ်နိုင်ပေမယ့် အခြား သန်းကြွယ်သူဌေးတွေနဲ့ အကျိုးတူ ပူးပေါင်းကာ ချယ်လ်ဆီးကို ဝယ်ယူဖို့ စီစဉ်နေကြောင်း သူ့ရဲ့ တွစ်တာအကောင့် ကနေ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

မက်ဂရီဂေါ်က ချယ်လ်ဆီးကို ဝယ်ယူဖို့ စတင် လှုပ်ရှားနေပြီလို့ အဓိပ္ပါယ် ရတဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပြီး အဆိုပါဓာတ်ပုံထဲမှာ သူက ချယ်လ်ဆီးကို ဝယ်ယူဖို့ အတွက် သန်းကြွယ်သူဌေး တဦးဆီ စာလှမ်းပို့နေတာကို မြင်တွေ့ခဲ့ရပါတယ်။

မက်ဂရီဂေါ်ဟာ အိုင်ယာလန်သား တဦး ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အင်္ဂလန် ပရီးမီးယားလိဂ်ကို ကြည့်ရှု အားပေးခဲ့သူ တဦး ဖြစ်ပြီး သူ အားပေးတဲ့ အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးလိုမျိုး ထိပ်သီးအသင်း တသင်းကို ဝယ်ယူခွင့် ရှိပါက ဝယ်ယူချင်နေကြောင်းလည်း မက်ဂရီဂေါ်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။