ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဘွန်ဒက်လီဂါ ထိပ်သီးကလပ် လိုက်ပ်ဇစ်နဲ့အတူ တောက်ပနေတဲ့ စပိန် ကွင်းလယ်လူ အိုလ်မိုကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက လာမယ့် နွေဈေးကွက်မှာ ယူနိုက်တက်ရဲ့ ရှိရင်းစွဲ ကစားသမား အများအပြားကို ရောင်းထုတ်ပြီး လူငယ်ကြယ်ပွင့်တွေ ၊ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး INEOSက တိုက်စစ် ၊ ကွင်းလယ်နဲ့ ဘယ်နောက်ခံ နေရာတွေကို အဓိက အားဖြည့်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး ၊ မေဆန်မောင့် ၊ အဲရစ်ဆင် ၊ တော်မီနေး ၊ ကိုဘီ မိုင်နူး ၊ အမ်မရာဘက် (အငှား) စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အမ်မရာဘက်က အငှားစာချုပ် ကုန်ရင် သူ့ရဲ့ မိခင်ကလပ် ဖီအိုရင်တီးနားဆီ ပြန်သွားတော့မှာ ဖြစ်သလို အဲရစ်ဆင် ၊ တော်မီနေး ၊ ကတ်စ်မဲရိုး စတဲ့ ကွင်းလယ်လူ ၃ဦးရဲ့ အနာဂတ်ကလည်း မသေချာပါဘူး။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဥရောပတလွှားမှာ ရှိတဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတွေကို လိုက်လံ ရှာဖွေကာ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းနေပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ လိုက်ပ်ဇစ်ကြယ်ပွင့် အိုလ်မို ၊ ဘင်ဖီကာကြယ်ပွင့် နီဗက်စ် ၊ ဝုလ်ဗ်ကွင်းလယ်လူ ဂျာအို ဂိုမက်စ် စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ စပါး စတဲ့ အသင်းတွေနဲ့အပြိုင် လိုက်ပ်ဇစ်ကြယ်ပွင့် အိုလ်မိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ အိုလ်မိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၀သန်းသာ ရှိကြောင်း သိရှိရပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ အိုလ်မိုက ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။