ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းကို ကံကောင်းပြီး အနိုင်ရသွားခဲ့တာပါလို့ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား တာကီဖူဆာ ကူဘိုက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ဆိုစီဒက်နဲ့ ရီးယဲလ်အသင်းတို့ဟာ လာလီဂါ အမှတ်ပေးပွဲစဉ်အဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြပြီး လာမယ့် ကြားရက်ထဲ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားဖို့ ရှိနေတဲ့ ရီးယဲလ်အသင်းက အဓိက ကစားသမား အများစုကို အနားပေးခဲ့ပါတယ်။

Photo Credit : Relevo

ရီးယဲလ်ဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တုန်းက အသုံးပြုခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ (၉)နေရာအထိ အပြောင်းအလဲ လုပ်ထားခဲ့ရာ အရန်ကစားသမားတွေရဲ့ ပွဲအတွင်း အချိတ်အဆက်မိဖို့ ရုန်းကန်ခဲ့ရသလို အိမ်ရှင်ဆိုစီဒက်ရဲ့ ဖိအားပေးမှုနဲ့ပါ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဒီပွဲမှာ ရီးယဲလ်ကစားသမားဘဝအတွက် ပထမဆုံး လာလီဂါ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ လူငယ်ကစားသမားလေး အာဒါ ဂူလာက အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့ပြီး ရီးယဲလ် ကစားသမားဟောင်း ကူဘိုရဲ့ ချေပဂိုးကတော့ built-up လုပ်နေစဉ်အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုကာ ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

Photo Credit : Madrid Universal

ကူဘိုကတော့ သူရဲ့ဂိုးအတွက် built-up လုပ်နေစဉ်အတွင်း ချူအာမန်နီကို ပြစ်ဒဏ်ကျူးလွန်ခြင်း မရှိပဲ ချူအာမန်နီကသာ ဘောလုံးကိုင်ထားရင်း အိပ်ပျော်နေလို့ အဲ့ဒီဘောလုံးကို ရရှိရင်း ဂိုးပါ သွင်းနိုင်ခဲ့တာလို့ တုံ့ပြန်ထားသလို ဒါဟာ ပြစ်ဒဏ်ဘောလို့လည်း မသတ်မှတ်သင့်ဘူးလို့ မှတ်ချက်ပြုခဲ့ပါသေးတယ်။

ဒါ့အပြင် ကူဘိုက “ဒီပွဲကို ကြည့်တဲ့သူတိုင်းက ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့မှန်း သိကြမှာပါ။ ဒါက ရှက်ဖို့ကောင်းပါတယ်။ ရီးယဲလ်မက်ဒရစ်က ကံကောင်းပြီး ဂိုးရရှိခဲ့တာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ သူတို့အသင်းကို စိုးမိုးထားပြီးတော့ ပိုကောင်းအောင်လည်း ကစားနိုင်ခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။