ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဘရူနို ဂွီမာရေးစ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အတွက် ယခုထဲက ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဘရူနို ဂွီမာရေးစ်က ၂၀၂၂ခုနှစ်မှာ လိုင်ယွန် ကနေ နယူးကာဆယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက နယူးကာဆယ်ဆီ ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားနေပါတယ်။

Photo Credit: Goal

ဘရူနို ဂွီမာရေးစ်က ဗဟိုကွင်းလယ်မှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူက လုပ်အားနှုန်း ကောင်းကောင်းနဲ့ အသင်းကို ဦးဆောင် ကစားနိုင်သလို သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ရရှိအောင်လည်း စွမ်းဆောင်နိုင်ပါတယ်။

ဂွီမာရေးစ်က လိုင်ယွန် ကနေ နယူးကာဆယ်ဆီ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀၂ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပီအက်စ်ဂျီ အပါအဝင် ဥရောပရဲ့ ထိပ်သီးကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက လာမယ့် နွေဈေးကွက်မှာ ဂွီမာရေးစ်ကို ခေါ်ယူဖို့ အတွက် အခုထဲက ဂွီမာရေးစ်ရဲ့ အေးဂျင့်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပြီး ပီအက်စ်ဂျီက ဂွီမာရေးစ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၀သန်း ပေးဖို့လည်း လိုလိုလားလား ရှိနေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီက ဂွီမာရေးစ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၀သန်း ပေးကာ အလွယ်တကူ ခေါ်ယူနိုင်ဖို့ ရှိနေပေမယ့် အဆိုပါ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် ဇွန်လ အထိပဲ အကျုံးဝင်မှာ ဖြစ်တာကြောင့် ဇွန်လမတိုင်ခင် အပြောင်းအရွှေ့ကို အပြီးမသတ်နိုင်ရင် ဂွီမာရေးစ်ကို ခေါ်ယူဖို့ အတွက် နယူးကာဆယ်နဲ့ ဆွေးနွေးမှုတွေ လုပ်ရမှာပဲ ဖြစ်ပါတယ်။