တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် အတော်လေးကို အရေးကြီးဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်နေလိမ့်မယ်လို့ နာမည်ကျော် football pundit ဖြစ်သူ ဂယ်ရီ နဗီးလ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကသာ မျှော်လင့်ချက်ကိုယ်စီ ဖြစ်နေရပြီး လီဗာပူးလ်ကတော့ မြို့ခံကလပ် အဲဗာတန်ကို ဂိုးပြတ်ရှုံးနိမ့်လိုက်ရတာကြောင့် title race အတွက် အနည်းငယ် လမ်းချော်သွားခဲ့ရပါတယ်။

Photo Credit : This is Anfield

လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်က (၃၄)ပွဲကစား ရမှတ် (၇၇)မှတ်နဲ့ ဇယားထိပ်မှာ ရှိနေရပြီး မန်စီးတီးကတော့ (၃၃)ပွဲကစားကာ ရမှတ် (၇၆)မှတ် ရရှိထားပါတယ်။ ဒီအချိန်မှာ (၂)သင်းလုံးက အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေမှာ ရှိနေရပြီး (၁)ပွဲပို ကစားထားတဲ့ အာဆင်နယ်အတွက်က ပိုလို့တောင် အရေးကြီးနေရပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်က ခါးသီးမြို့ခံကလပ် စပါးနဲ့ လန်ဒန်ဒါဘီပွဲကို ဆင်နွဲရမှာဖြစ်ပြီး ဒီပွဲဟာ ဒီရာသီမှာ အာဆင်နယ်အတွက် အရေးပါဆုံးပွဲလို့ နဗီးလ်က ပြောဆိုလာခဲ့ပါတယ်။ “အာဆင်နယ်က ချယ်လ်ဆီးနဲ့ပွဲမှာ ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ ပွဲစဉ်ကတော့ အာဆင်နယ်ရဲ့ ဒီရာသီထဲ ကြီးမားတဲ့ အခိုက်အတန့် ဖြစ်လာပါလိမ့်မယ်။”

Photo Credit : Sky Sports

“မြောက်လန်ဒန်ဒါဘီပွဲဟာ နှစ်ကာလတစ်လျှောက် ကျွန်တော် အနှစ်သက်ဆုံးဖြစ်ရတဲ့ ပွဲစဉ်ပါ။ Sky မှာ တာဝန်ယူခဲ့တဲ့ (၁၁)နှစ်ကာလတွင်း ကျွန်တော် အကြိုက်ဆုံးသောပွဲတောင် ဖြစ်ကောင်းဖြစ်နိုင်သလို အခုပွဲဟာလည်း စိတ်လှုပ်ရှားစရာ အရမ်းကောင်းနေပါလိမ့်မယ်။ အဲဗာတန်က သူတို့ရဲ့ မြို့ခံကလပ် လီဗာပူးလ်ကို ပညာပေးခဲ့သလို စပါးကလည်း အာဆင်နယ်ကို ဒုက္ခပေးနိုင်တာကိုတော့ အာဆင်နယ်က သတိထားရပါလိမ့်မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ စပါးတို့ဟာ အခါးသီးဆုံး မြို့ခံပြိုင်ဘက်တွေဖြစ်ပြီး ကွင်းတွင်းကွင်းပြင် အားပြိုင်မှုတွေ ရှိနေကြပြီး အခုတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်မှုကို ထပ်မံ မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။