ကနေဒါ ဘောလုံးအဖွဲ့ချုပ်ဟာ ကနေဒါလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြရာထူးအတွက် မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားကို ခန့်အပ်သွားဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ကနေဒါအသင်းဟာ အသင်းနဲ့ နှစ်ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ဟာ့ဒ်မန်းနဲ့ ၂၀၂၃ခုနှစ်မှာ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်ရခြင်း မရှိသေးပဲ ကနေဒါ ကစားသမားဟောင်းကြီး ဘီရယ်လ်လိုကိုသာ အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ထားရပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ကနေဒါအသင်းက ဒီရက်ပိုင်းအတွင်းမှာပဲ နည်းပြသစ်တစ်ဦးကို ခန့်အပ်နိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိနေရာ ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ဖရန့် လမ်းပတ်ကို ဦးစားပေးအဖြစ် ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အတွက် ဆိုးလ်ရှားကို ပြောင်းလဲပစ်မှတ်ထားလာခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားဟာ နော်ဝေကလပ် မိုလ်ဒီ ၊ ကာဒစ်နဲ့ ယူနိုက်တက်တို့ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး နည်းပြအတွေ့အကြုံ အနည်းငယ်သာ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းကနေ လက်ရှိအချိန်ထိ အသင်းလက်မဲ့အဖြစ်နဲ့ ဖြတ်သန်းနေရသူလည်း ဖြစ်နေပြန်ပါတယ်။

Photo Credit : Clutch Points

ဒီလို အသင်းလက်မဲ့ ဖြစ်နေတဲ့ ဆိုးလ်ရှားကို ကလပ်အသင်းတချို့အပြင် နိုင်ငံအသင်းတွေကပါ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သေးပြီး ဆွီဒင်နဲ့ အိုင်ယာလန်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုတော့ ဆိုးလ်ရှားဘက်က ပယ်ချထားခဲ့ပါသေးတယ်။

အခုတော့ ကနေဒါ လက်ရွေးစင်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိလာနိုင်တဲ့ ဆိုးလ်ရှားအနေနဲ့ မြောက်အမေရိက ကိုယ်စားပြု ကနေဒါအသင်းမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်သွားမလား ဒါမှမဟုတ် ထပ်ပြီးလည်း ငြင်းဆန်ပယ်ချသွားဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။