ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်ကြယ်ပွင့် ဖြစ်သူ မူစီအာလာက ပီအက်စ်ဂျီကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေအား ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာဖြစ်ခဲ့မယ် ဆိုရင် သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဂျာမဏီလက်ရွေးစင် လူငယ်ကြယ်ပွင့် မူစီအာလာက ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပါတယ်။

Photo Credit: Tribuna

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေသူပါ။

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ရဲ့ ကြားထဲမှာ ရှိတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ပီအက်စ်ဂျီဘက်က အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ပီအက်စ်ဂျီကို စွန့်ခွာဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

လက်ရှိမှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး မူစီအာလာရဲ့ ကလပ်အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကလည်း အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ မူစီအာလာကတော့ အမ်ဘာပေဟာ သူတို့အသင်းဆီ ပြောင်းလာသင့်တယ်လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အမ်ဘာပေက ဘယ်အသင်းနဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ်လို့ ထင်လဲ ဆိုတဲ့ မေးခွန်းအပေါ် မူစီအာလာက – “အမ်ဘာပေဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာလို့ ရပါတယ်။ (ရယ်လျက်) ကျွန်တော်ကသာ သူ့ကို အကြံပေးခွင့် ရမယ် ဆိုရင် သူ့ရဲ့အချိန်တွေကို ဘိုင်ယန်မြူးနစ်နဲ့ပဲ ကုန်ဆုံးဖို့ အကြံပေးချင်ပါတယ်။ သူက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုမဆို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ကစားသမားမျိုးပါ။ သူ့လို ကစားသမားကို ပြိုင်ဘက်အဖြစ် ကစားရမှာထက် အသင်းဖော် အဖြစ်ပဲ ကစားချင်ပါတယ်” လို့ ပြန်လည် ဖြေကြားရင်း အမ်ဘာပေကို ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာဖို့ ဖိတ်ခေါ်သွားခဲ့တာပါ။