ဘာစီလိုနာအသင်းဟာ လာမယ့်နွေဈေးကွက်မှာ လီဗာပူးလ်အသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင် နူးနက်ဇ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာတစ်ခုကနေ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကို ဒီရာသီအကုန်မှာပဲ လက်လွတ်ရတော့မယ့် အရေးကနေ အခုတော့ တစ်သင်းလုံး ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ဇာဗီက အသင်းနဲ့ ဆက်လက် လက်တွဲဖို့ပါ ဆုံးဖြတ်ချက်လိုက်ပြီး ဒီအတွက်လည်း အသင်းဘက်က ဇာဗီအတွက် ကစားသမား ဖြည့်တင်းမှုတွေကို အားကောင်းမောင်းသန် လုပ်ဆောင်ပေးသွားဖို့ ရှိနေပါတယ်။

Photo Credit : Stadium Astro

လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ နည်းပြဇာဗီတို့ အလိုရှိနေတဲ့ ကစားသမားတွေကို အများအပြား ရှိလို့နေပြီး ဒီကစားသမားတွေထဲမှာ ထူးထူးခြားခြားအနေနဲ့ လီဗာပူးလ် တိုက်စစ်မှူးဖြစ်တဲ့ ဒါဝင် နူးနက်ဇ်လည်း ပါဝင်လာခဲ့ရပါတယ်။

အသက် (၂၄)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ ပေါင် (၈၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် နူးနက်ဇ်က လီဗာပူးလ်အတွက် (၂)ရာသီနီးပါး (၉၂)ပွဲအထိ ကစားထားပြီးချိန် (၃၃)ဂိုး သွင်းယူထားကာ (၁၇)ဂိုးဖန်တီးပေးထားန်ိုင်ခဲ့ပါတယ်။

Photo Credit : Squwaka

ဒီလို စွမ်းဆောင်မှုတွေ ရှိနေခဲ့ပေမယ့်လည်း နူးနက်ဇ်က ဒီရာသီထဲ သူရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ အခွင့်အရေးတွေ အကောင်းဆုံး အသုံးမချနိုင်ခဲ့တာတွေကြောင့် အလွန်ဝေဖန် ပြစ်တင်ခံနေရပြီး လီဗာပူးလ် ပရိသတ်တချို့ဆိုရင်လည်း နူးနက်ဇ်ကို အသင်းကနေပါ ရောင်းထုတ်စေချင်လာခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်ရာသီထဲမှာပါ လီဗာပူးလ်က နည်းပြအပြောင်းအလဲလည်း ဖြစ်ပေါ်တော့မှာမို့ နူးနက်ဇ်ရဲ့ အနာဂတ်ဟာလည်း စောင့်ကြည့်ရမယ့် အနေအထား ဖြစ်လာခဲ့တာကြောင့် ဒီအခြေအနေကို ဘာစီလိုနာဘက်က စောင့်ကြည့်လာနိုင်သလို နူးနက်ဇ်အပြင် နူးနက်ဇ်ရဲ့ အသင်းဖော် တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကိုပါ ချိန်ရွယ်နေပါတယ်။