ဖိုင်ယင်နော့အသင်းနည်းပြ အာနီ ဆလော့က လီဗာပူးလ် နည်းပြကြီး ယာဂန် ကလော့ပ်နေရာမှာ အစားထိုး ဝင်ရောက်လာန်ိုင်မယ့် နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း နယ်သာလန် ဂန္တဝင် ကစားသမားဟောင်းကြီး မားကို့ ဗန်ဘက်စတန်က ထောက်ခံ ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းကလည်း ဒီရာသီအကုန်မှာ အသင်းနည်းပြ ကလော့ပ်နဲ့ လက်တွဲဖြုတ်ရတော့မှာဖြစ်လို့ ကလော့ပ်နေရာအတွက် သင့်တော်မယ့် နည်းပြတစ်ဦးကို အသေအချာ ရှာဖွေလျက် ရှိနေပြီး ဦးစားပေး လိုချင်ခဲ့တဲ့ အလွန်ဆို အမော်ရင် နာဂယ်စမန်းတို့နဲ့တော့ လွဲချော်မှုတွေ ရှိခဲ့ရပါတယ်။

Photo Credit : Clutch Points

ဒါပေမယ့် ဒီရက်ပိုင်းလေးအတွင်းမှာပဲ လီဗာပူးလ်ဟာ နယ်သာလန် ထိပ်သီးကလပ် ဖိုင်ယင်နော့အသင်းနည်းပြ ဆလော့ကို ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ရင်း အခုဆိုရင် ဆလော့က ကလော့ပ်နေရာကို အစားဝင်ရောက်လာဖို့ အတော်လေး သေချာသလောက် ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြဆလော့နဲ့ ပတ်သက်ပြီး ဗန်ဘက်စတန်က “သူက တကယ်ကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို နယ်သာလန်မှာပဲ ဆက်ရှိစေချင်ပေမယ့် သူက ဘယ်အသင်းကိုသွားသွား အောင်မြင်နိုင်လိမ့်မယ်ဆိုတာတော့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် သူနဲ့လည်း စကားပြောဆိုခဲ့ဖူးတယ်။ ဘောလုံးအပေါ် သူရဲ့အမြင်တွေက အလွန်အားကောင်းပါတယ်။”

 

Photo Credit : The Times

“သူက ကစားသမားတွေကို အကောင်းဆုံး လမ်းညွှန်ပြနိုင်တယ်။ တည်ငြိမ်ပြီး စဉ်းစားဖြတ်ထိုးညဏ်လည်း ကောင်းမွန်တယ်။ သူရဲ့ ညဏ်ရည်ညဏ်သွေးကြောင့် ကိုင်တွယ်ရတာ ခက်ခဲပါတယ်ဆိုတဲ့ အသင်းတွေကိုပါ သေချာကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။ သူ့ဆီမှာ အရည်အသွေးကောင်းတွေ ရှိနေတယ်ဆိုတာကိုလည်း အယ်လ်ခမာမှာရော ဖိုင်ယင်နော့မှာပါ တစ်ဆင့်ချင်းစီကို ပြသထားပါသေးတယ်။”

“ဖိုင်ယင်နော့ဆိုတာက နယ်သာလန်လိဂ်မှာဆိုရင် အေဂျက်စ် ပီအက်စ်ဗွီတို့လောက် ဘဏ္ဍာရေးအင်အား မတောင့်တင်းပေမယ့် (၃)နှစ်တာအတွင်းမှာပဲ အသင်းကို အကောင်းဆုံး အနေအထားထိ ရောက်ရှိအောင် သူလုပ်ဆောင်ခဲ့တယ်။ သူ့အနေနဲ့ ပိုမြင့်မားတဲ့ အသင်းတစ်သင်းမှာ အလွယ်တကူ အောင်မြင်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွေးအခေါ်ကို ကစားသမားတွေက အလျင်အမြန် နားလည်လာတဲ့အခါ အဲ့ဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကပါ ပိုကောင်းလာတက်လို့ပါပဲ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။