ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက သူတို့အသင်းဟာ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် မြောက်လန်ဒန်ဒါဘီပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ အားကုန်ထုတ် ကြိုးစားနေတဲ့ ခါးသီးပြိုင်ဘက် အာဆင်နယ်ကို အနိုင်ယူပြမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၅၈နှစ် အရွယ် ဩစတေးလျနည်းပြ ပိုစတီဂိုဂလူက ယခုနှစ် ဘောလုံးရာသီ အစမှာ ဆဲလ်တစ် ကနေ စပါးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပါးရဲ့ ကစားပုံက သိသိသာသာ တိုးတက်လာသလို ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မျှော်မှန်းနိုင်တဲ့ အခြေအနေကိုလည်း ရောက်ရှိနေပါတယ်။

Photo Credit: Sky Sports

ပိုစတီဂိုဂလူရဲ့ စပါးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အူနိုင်း အမ်မရီ ဦးဆောင်နေတဲ့ အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင်နေရသလို တဖက်မှာလည်း စပါးရဲ့ ခါးသီးပြိုင်ဘက် အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ပြိုင်ဆိုင်နေရပါတယ်။

မနက်ဖြန်ညမှာတော့ စပါးနဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် စပါးရဲ့ အိမ်ကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီအတွက် တိုက်ပွဲဝင်ဖို့ ရှိနေသလို သူတို့နှစ်သင်းက ထိပ်တိုက် တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားလေ့ ရှိတာကြောင့် စပါးနဲ့ အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲက ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

စပါးနည်းပြချုပ် ပိုစတီဂိုဂလူကတော့ သူတို့အသင်းဟာ ခါးသီးပြိုင်ဘက် အာဆင်နယ်ရဲ့ အိမ်မက်တွေကို သိကြောင်းနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အာဆင်နယ်ကို အနိုင်ကစားသွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။ ပိုစတီဂိုဂလူက – “ကျွန်တော်က ဒီပွဲကို အနိုင်ကစားချင်ပါတယ်။ ကိုယ့်ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကို အနိုင်ရတာက ဘယ်လိုမျိုး အဓိပ္ပါယ်လဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော်က ဂလက်စ်ဂိုကနေ လာခဲ့တဲ့သူပါ။ ပရိသတ်တွေ အတွက် ဒါဘီပြိုင်ဘက် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ကောင်းကောင်း နားလည်ပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့ပြိုင်ဘက်ကို ပျက်စီးအောင် လုပ်ရမယ် ဆိုတဲ့ အတွေးမျိုးကို တွေးပြီး စိတ်ဓာတ် တက်လာအောင် မလုပ်ချင်ပါဘူး။ ကျွန်တော်တို့ရဲ့ တွန်းအားက ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်ချင်တယ် ဆိုတဲ့ အတွေးမျိုးပဲ ဖြစ်နေရပါမယ်။ ကျွန်တော်က အောင်မြင်မှုတွေကို ရယူချင်လို့ အာဆင်နယ်ကို အနိုင်ယူချင်ပါတယ်။ ဒါပါပဲ။ ကျွန်တော်တို့က တိုးတက်ချင်တယ်။ ကျွန်တော်တို့က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ချင်တယ်။ ဒီအတွေးနဲ့ပဲ အသင်းကို မောင်းနှင်သွားပါမယ်။ အိမ်ကွင်းမှာ ကစားရတဲ့ ဒါဘီပွဲမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကို နိုင်ခွင့် မပေးဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာ သိထားပါတယ်။ ဒီပွဲရဲ့ ရလဒ်က ပြိုင်ပွဲအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိသွားမလဲ ဆိုတာကိုလည်း သိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။