ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းရဲ့ တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ကို ဝေဖန် ပြစ်တင်နေမယ့် အစား ဝိုင်းဝန်း ဖေးမပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုသွားခဲပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့သလို အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းပြ ကစားခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Caught Offside

မားကပ် ရက်ရှ်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ အထိ ပါဝင် ကစားပေးထားပေမယ့် ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သူဟာ ယူနိုက်တက် အတွက် သွင်းဂိုး ၈ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်သာ ရရှိထားပါတယ်။

အဓိက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အကျိုးဆက်ကြောင့် ယူနိုက်တက်က ယခုနှစ်ရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အပြီးမှာ ရမှတ် ၅၃မှတ်သာ စုဆောင်းထားနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နဲ့ ရမှတ် ၁၃မှတ် အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မဖြစ်နိုင်တော့ပါဘူး။

Photo Credit: Sky Sports

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့်ပဲ ရက်ရှ်ဖို့ဒ် အပါအဝင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမား အများအပြားက ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရက်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ “သူ့ရဲ့ခြေစွမ်းကို အားမရတာကြောင့် ဝေဖန်နေတာတွေကို လက်သင်ခံပေမယ့် ဝေဖန်သင့်တဲ့ အတိုင်းအတာကို ကျော်ပြီး မဝေဖန်ကြပါနဲ့” လို့ အဓိပ္ပါယ် ရတဲ့ စာသားကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကလည်း ပရိသတ်တွေအနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်ကို ဝေဖန်နေမယ့် အစား ဝိုင်းဝန်း ဖေးမပေးသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ဒီရာသီမှာ မားကပ်က ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူတွေက သူ့ကို အရမ်း ဝေဖန်လွန်းနေပါတယ်။ ကျွန်တော်တို့က သူ့ကို ဆက်ပြီး အားပေးနေရမှာပါ။ လူတိုင်းက သူ့ကို သွင်းဂိုး ၃၀ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ အရင်ရာသီက ခြေစွမ်းမျိုး ပြန်ရအောင် ဝိုင်းဝန်း ဖေးမပေးသင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။