စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီလို့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မျှော်လင့်နိုင်ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်က ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာကြောင့် ပွဲကြပ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ရာ တဖက် ၃ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Standard

ပထမအကျော့မှာ သရေကျခဲ့တာကြောင့် ဒုတိယအကျော့မှာ အနိုင်ရတဲ့အသင်းက ဆီမီးဖိုင်နယ်ဆီ တက်ရောက်ခွင့် ရမှာ ဖြစ်ပြီး အိမ်ရှင် မန်ချက်စတာ စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ရီးရဲလ်မက်ဒရစ်ကို ဖိကစားခဲ့ပြီး ဧည့်သည် ရီးရဲလ်မက်ဒရစ်ကတော့ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့် မန်ချက်စတာ စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာ စီးတီးရဲ့ ကစားကွက်က ကောင်းမွန်ခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲတွင်း အစီအမံတွေကလည်း ပြည့်စုံတဲ့ အဆင့်မှာ ရှိခဲ့တာကြောင့် နှစ်သင်းစလုံးက သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ရာမှာလည်း သွင်းဂိုးတွေ ထပ်မသွင်းနိုင်ကြပါဘူး။

Photo Credit: Marca

ဒါကြောင့်ပဲ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်ဘက်က မိုဒရစ် တဦးထဲသာ ပင်နယ်တီ လွဲချော်ခဲ့ပြီး မန်ချက်စတာ စီးတီးဘက်မှာ ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာဆစ်တို့ နှစ်ဦးစလုံး ပင်နယ်တီ လွဲခဲ့တာကြောင့် အန်ဆလော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို ဖြုတ်ချပြီး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ်က အာဆင်နယ်ကို အနိုင်ရလာတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက် တွေ့ဆုံဖို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အန်ဆလော့တီက သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်စွမ်း ရှိသွားပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။ အန်ဆလော့တီက – “ကျွန်တော်က ချယ်လ်ဆီးကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တဲ့ ပွဲပြီးကတည်းက ဒီလောက်အထိ စိတ်လှုပ်ရှားရတဲ့ ပွဲမျိုးကို မကြုံခဲ့ရပါဘူး။ ဒီညတော့ ဘီယာလေး သောက်ပြီး ကောင်းကောင်း အိပ်ပါတော့မယ်။ အခုဆိုရင် ကျွန်တော်တို့က ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်စွမ်း ရှိနေပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။