ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို အားဖြည့်ဖို့ စဉ်းစားထားရာ ဘာစီလိုနာနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတဲ့ လူငယ်ခံစစ်မှူး ကူဘာဆီကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ လုပ်နေကြောင်း သတင်းရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။

အသက် ၁၇နှစ် အရွယ် စပိန်လက်ရွေးစင် လူငယ်ခံစစ်မှူး ကူဘာဆီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ခံစစ်မှူး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပွဲအများကြီး ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ကူဘာဆီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဘာစီလိုနာက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေပေမယ့် အခုချိန်အထိ သဘောတူညီမှု တစုံတရာ မရသေးပါဘူး။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဗာရန်း ၊ မာတီနက်ဇ် ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် ၊ ကမ်ဘွာလာ စတဲ့ ဗဟိုခံစစ်မှူး ၆ဦး အထိ ပိုင်ဆိုင်ထားပေမယ့် အီဗန်စ်က ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်သလို ဗာရန်း ၊ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်တွေကလည်း မရေရာတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူးသစ် ၁ဦး (သို့) ၂ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကြားခံလူတွေကို အသုံးပြုပြီး ကူဘာဆီရဲ့ အေးဂျင့်နဲ မိသားစုဆီ ဆက်သွယ်ကာ ကူဘာဆီကို ခေါ်ယူချင်ကြောင်း အသိပေးထားပြီး ယူနိုက်တက်က ကူဘာဆီ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက ကူဘာဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ အလျင်အမြန် ကြိုးစားနေပေမယ့် အခုချိန်အထိ စာချုပ်သစ် အတွက် သဘောတူညီမှု တစုံတရာ မရသေးတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကူဘာဆီကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပြီး ကူဘာဆီရဲ့ လက်ရှိ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၂သန်းသာ တန်ကြေး ရှိတာကြောင့် ယူနိုက်တက်ကသာ ကူဘာဆီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်မယ် ဆိုရင် ကူဘာဆီကို အလွယ်တကူ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။