ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ သူတို့အသင်းဆီ အငှားနဲ့ ပြန်လာကစားရင်း ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက မန်ချက်စတာ စီးတီးရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပေမယ့် သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေကို ဒေါ့မွန်မှာ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဆန်ချိုက ၂၀၁၇ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ဒေါ့မွန်အတွက် ကစားပေးခဲ့ရာ ပြိုင်ပွဲစုံ ၁၃၇ပွဲမှာ သွင်းဂိုး ၅၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၄ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Football 365

သူ့ရဲ့ အံ့မခန်းခြေစွမ်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ၂၀၂၁ခုနှစ်မှာ သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ခေါ်ယူကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် ဆန်ချိုက ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဆန်ချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ၃ရာသီအတွင်းမှာ ပြိုင်ပွဲစုံ ၈၂ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်သာ ရရှိခဲ့ပြီး သူ့ရဲ့ ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ဆန်ချိုကို အသင်းဟောင်း ဆန်ချိုဆီ ရာသီဝက်အငှား ပြန်ချခဲ့ပါတယ်။

ဒေါ့မွန်ဆီ ရောက်ရှိပြီးနောက် ဆန်ချိုက ပုံမှန် ကစားခွင့်ရမှုနဲ့အတူ သူ့ရဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး ဆန်ချိုက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က နောက်ပိုင်းပွဲတွေမှာ တောက်လျှောက် ခြေစွမ်းပြ ကစားနေတဲ့ ဆန်ချိုကို ရာသီကုန်ချိန်မှာ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း သူတို့အသင်းမှာ အဆင်မပြေတဲ့ ဂျေဒန် ဆန်ချိုကို ရောင်းချဖို့ လမ်းဖွင့်ထားပြီး ယူနိုက်တက်က ယူရို ၈၅သန်း အထိ အကုန်အကျ ခံကာ ဝယ်ယူထားတဲ့ ဆန်ချိုုကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းချချင်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။