အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုအတွက် လက်ကျန်ပွဲစဉ်တွေရဲ့ နောက်ဆုံးအချိန်များအထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက အခါးသီးဆုံး မြို့ခံပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ယူရင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲဆက်ခဲ့ရသလို အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးကိုပါ (၁)ပွဲပိုကစားထားကာ (၁)မှတ်အသာရထားပါတယ်။

Photo Credit : The Mirror

အခုဆိုရင် အာဆင်နယ်ဟာ ဘုန်းမောက် မန်ယူနိုက်တက် အဲဗာတန်တို့နဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေကို ကစားဖို့ ကျန်ရှိနေတော့ပြီး ဒီ(၃)ပွဲလုံးက အာဆင်နယ်အတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီလက်ကျန်ပွဲတွေကို ရလဒ်ကောင်းတွေ ရယူသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။

“ကစားသမားတွေက ဒီရာသီရဲ့ နောက်ဆုံးချိန်ထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ ဒါကိုလည်း တစ်ရာသီလုံး မြင်တွေ့ထားခဲ့ရပါတယ်။ သူတို့တွေက ကျွန်တော့်ကိုလည်း နေ့တိုင်းလိုလို ယုံကြည်ချက်တွေပေးတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ မှန်ကန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။”

Photo Credit : Arsenal FC

“ရှေ့ဆက်ပြီး လုပ်ရမယ့်အရာတွေကိုလည်း စိတ်အားထက်သန်မှုတွေက လှပနေပါတယ်။ ကျွန်တော်တို့အားလုံးဟာလည်း မျှော်လင့်ထားတဲ့အတိုင်း အမှန်တကယ် ဖြစ်လာဖို့ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်က ကျွန်တော့်ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။”

“ကစားသမားတွေက ချန်ပီယံဆုအတွက် သံသယဖြစ်စရာ အကြောင်းပြချက်တွေလည်း မပေးပါဘူး။ စိတ်ပိုင်းဆိုင်ရာအရတော့ အခုက အရမ်းကို တောင်းဆိုမှုတွေ အရမ်းများတဲ့ လတစ်လ ဖြစ်ခဲ့ပြီး စနေနေ့ကတော့ သူတို့တွေ ပိုပြီးလိုချင်နေတာကြောင့် လေ့ကျင့်ခန်းဆင်းမှုကို ရပ်တန့်ခဲ့ရတယ်။ ဒါက ကောင်းမွန်တဲ့ လက္ခဏာပါပဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။