ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ခါးသီးမြို့ခံပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးတွေရဲ့ ပွဲကို ကိုင်တွယ်ပုံအား မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

စပါးက ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အက်စ်တွန်ဗီလာနဲ့ ယှဉ်ပြိုင်နေရတာကြောင့် ပိုစတီဂိုဂလူက ယမန်နေ့ည အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုကာ အာဆင်နယ်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Football 365

တဖက်မှာလည်း အာဆင်နယ်က ချန်ပီယံဆု အတွက် အမှားခံလို့ မရတော့တာကြောင့် စပါးကို အဝေးကွင်းမှာ အနိုင်ကစားဖို့ အတွက် အာဆင်နယ်နည်းပြချုပ် အာတီတာက ပြီးခဲ့တဲ့ကြားရက်မှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို အနိုင်ယူခဲ့တဲ့ လူစာရင်းကို ဆက်သုံးပြီး အဝေးကွင်းမှာ အနိုင် ၃မှတ် ရယူဖို့ ပြင်ဆင်ခဲ့ပါတယ်။

နှစ်သင်းစလုံးက အမှားခံလို့ မရတဲ့ အနေအထားကို ရောက်နေတာကြောင့် ပွဲစကနေ ပွဲပြီးတဲ့ အထိ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပထမပိုင်းမှာ ဧည့်သည် အာဆင်နယ်က ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုကောင်းခဲ့တာကြောင့် ပွဲချိန် ၃၈မိနစ် အတွင်းမှာပဲ ဦးဆောင်ဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးတွေ အများကြီး သွင်းထားနိုင်တာကြောင့် အာဆင်နယ်က ဒုတိယပိုင်းမှာ ကစားအား လျှော့ချကာ ခံစစ်ကို အားပြု ကစားခဲ့ပြီး အိမ်ရှင်စပါးက အာဆင်နယ်ရဲ့ ခံစစ်ကစားမှုကို အခွင့်ကောင်း ယူကာ ပွဲချိန် ၆၄မိနစ်နဲ့ ၈၇မိနစ်တို့မှာ ချေပဂိုးတွေ သွင်းယူရင်း အာဆင်နယ်ဆီကနေ သရေတမှတ် ခွဲဝေယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: BBC

ဒါပေမယ့် အာဆင်နယ်က လက်ကျန်မိနစ်တွေမှာ ပေးဂိုး မပေးရအောင် ထိန်းကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ အဝေးကွင်းမှာ အနိုင် ၃မှတ်ကို အမှားအယွင်း မရှိ သိမ်းပိုက် ရယူနိုင်ခဲ့ပြီး စပါးနည်းပြ ပိုစတီဂိုဂလူကတော့ ဒီနေ့ပွဲမှာ ဒိုင်လူကြီးတွေရဲ့ ပွဲကို ကိုင်တွယ်ပုံအား သဘောမကျကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူက – “အခုခေတ်မှာ ပွဲတွေကို ကွင်းထဲကနေ ဒိုင်လုပ်တာမျိုး မရှိတော့ပါဘူး။ တနေရာရာမှာ ရှိနေတဲ့ လူတွေကပဲ ပွဲကို ဒိုင်လုပ်နေတော့တာပါ။ (VARကို ရည်ရွယ်လျက်) ကျွန်တော်က အဲ့ဒါကို လုံးဝ မကြိုက်ပါဘူး။ အခုက ကွင်းလယ်ဒိုင်က အကူအညီ ယူပြီး ပွဲကို ကိုင်တွယ်တာမျိုးတောင် မဟုတ်တော့ပါဘူး။ တနေရာရာမှာ ရှိနေတဲ့ လူတွေကပဲ ပွဲကို ထိန်းချုပ် ကိုင်တွယ်သွားတာပါ။ ဒါကြောင့်ပဲ ကျွန်တော်က သွင်းဂိုးတွေ အတွက် အောင်ပွဲခံတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်က အားလုံးရဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့ အချိန်ကိုပဲ စောင့်ပါတော့မယ်” လို့ ပြောကြားကာ ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်သွားခဲ့တာပါ။