ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက အသင်းတိုက်စစ်ပိုင်းအတွက် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကိုသာ ဦးစားပေး ခေါ်ယူချင်ခဲ့ပေမယ့်လည်း အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကတော့ ကီလီယန် ဘာပေကိုသာ ခေါ်ယူဖို့ ဆန္ဒပြင်းပြခဲ့တယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီး အဲဗာတန်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အန်ဆယ်လော့တီက ရီးယဲလ်တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို အလိုရှ်ိခဲ့ပေမယ့်လည်း အသင်းဥက္ကဌ ပီရက်ဇ်ကတော့ ဟယ်ရီကိန်းထက် ဘာပေကိုပဲ ခေါ်ယူဖို့ ဆန္ဒရှိခဲ့တာကြောင့် ကိန်းကို ခေါ်ယူမယ့် အစီအစဉ် ပျက်ခဲ့ရပါတယ်။

Photo Credit : Transfermarket

နောက်ပြီး ရီးယဲလ်က ဒီနွေမှာလည်း ဒေါ့မွန်အသင်းကနေ အင်္ဂလန် ကြယ်ပွင့်ကစားသမားလေး ဘယ်လင်ဟမ်ကိုပါ ခေါ်ယူခဲ့သေးတာကြောင့် နောက်ထပ် mega signing တစ်ခုကို ထပ်မံ လုပ်ဆောင်ဖို့အတွက်က အနည်းငယ် ခက်ခဲသွားခဲ့ရလို့ ကိန်းကို ခေါ်ယူဖို့က ပိုမို ခက်ခဲသွားခဲ့ရပါတယ်။

အသက် (၃၀)အရွယ် ရှိပြီဖြစ်တဲ့ ကိန်းကလည်း ဒီနွေမှာပဲ စပါးအသင်းကနေ စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရာ လက်ရှိအချိန်ထိတော့ ဆုဖလားတွေနဲ့ အလှမ်းဝေးနေရဆဲ ဖြစ်ပေမယ့်လည်း ဘိုင်ယန်အတွက် (၄၂)ပွဲကစား (၄၂)ဂိုးသွင်း (၁၃)ဂိုးဖန်တီးထားသလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိပါ ပို့ဆောင်ပေးထားပါသေးတယ်။

Photo Credit : Marca

ဒါ့အပြင် အခု ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း ဟယ်ရီကိန်းရဲ့ ဘိုင်ယန်က အန်ဆယ်လော့တီရဲ့ ရီးယဲလ်အသင်းနဲ့ပါ ထိပ်တိုက် တွေ့ဆုံလို့နေပြီး ကိန်းရဲ့ လက်ရှိ form အရ ရီးယဲလ်ခံစစ်ပိုင်းအတွက် အန္တရာယ်အရှိဆုံး ပြိုင်ဘက်ကစားသမားတစ်ဦးပါ ဖြစ်နေရပါတယ်။

ဟယ်ရီကိန်းအနေနဲ့ကလည်း ဒီရာသီမှာ ဘိုင်ယန်အသင်းနဲ့ ရယူနိုင်မယ့် ပြည်တွင်းဆုဖလားတွေ အားလုံး လက်လွတ်လိုက်ရပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ်ကိုသာ ပိုမို အားထည့်လာမှာ သေချာနေပြီး အန်ဆယ်လော့တီရဲ့ ရီးယဲလ်အသင်းကိုပါ ကျော်ဖြတ်နိုင်ဖို့အတွက် အကြိတ်အနယ် ကြိုးပမ်းသွားပါလိမ့်မယ်။