လက်ရှိအချိန် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ် ဖြစ်နေကြတဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်း အဲ့ဒီ (၂)သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးသူ အီမန်နူရယ် အဒီဘာယောက အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီရဲ့ လက်ကျန် (၃)ပွဲလုံးကို အနိုင်ကစားသွားဖို့ မသေချာဘူးလို့ သုံးသပ်လိုက်ပါတယ်။

အာဆင်နယ်က ဒီနှစ်ဘောလုံးရာသီထဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပြီး အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ပါ အခြေအနေကောင်းတစ်ခုကို ရောက်ရှိနေပေမယ့်လည်း ချန်ပီယံဆုအတွက် မန်စီးတီးက အာဆင်နယ်ကို အနီးကပ် ဖိအားပေးလို့နေပါတယ်။

Photo Credit : The Telegraph

အာဆင်နယ်က မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေကာ လက်ကျန်(၃)ပွဲမှာတော့ ဘုန်းမောက် မန်ယူနိုက်တက် အဲဗာတန်တို့နဲ့ ကစားသွားရပါမယ်။ မန်စီးတီးကတော့ ဝုလ်ဗ် ဖူလ်ဟမ် စပါး ဝက်စ်ဟမ်းတို့နဲ့ လက်ကျန်ပွဲ (၄)ပွဲအထိ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

ဒီအသင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဒီဘာယောက “အာဆင်နယ်နဲ့ ပတ်သက်ပြီး ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်လောက်အထိ ကောင်းနေသလဲဆိုတာ ကျွန်တော်တို့အားလုံး သိနေကြလို့ပါ။ ဒီအသင်းက အရမ်းလည်း ငယ်လွန်ပြီး အရည်အသွေးလည်း မြင့်မားပါတယ်။ ဒါပေမယ့် သူတို့အသင်းက နောက်ဆုံး (၉)မှတ်ကို ရယူနိုင်မလား ဆိုရင်တော့”

Photo Credit : Football London

“မသေချာဘူးလို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ အက်စတွန် ဗီလာကို အိမ်ကွင်းမှာ ရှုံးခဲ့ရတဲ့ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒါဆိုရင် မန်စီးတီးက နောက်ထပ် ပွဲ (၂၀)လောက်အထိ အနိုင်ရနိုင်မလားလို့ မေးလာရင်တော့ ကျွန်တော်က Yes လို့ပဲ ပြန်ဖြေရမှာပါ။”

“ဘာကြောင့်လဲ သူတို့က ဒီလိုပုံစံမျိုးကို လုပ်ပြထားနိုင်တာကြောင့်ပါ။ အာဆင်နယ်က ဒီရာသီမှာ ပိုပြီး အားကောင်းလာတဲ့ အသင်းတစ်သင်း ဖြစ်လာနေပေမယ့် သူတို့ရဲ့ လက်ကျန် (၃)ပွဲလုံးကို အနိုင်ရဖို့ဆိုတာက မသေချာပါဘူး။” လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။