ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် တူဟယ်လ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရချင်ရင် ခြေစွမ်းကောင်းဖို့ လိုအပ်သလို ကံတရားရဲ့ ဖေးမမှုကိုလည်း လိုအပ်တယ်လို့ ပွဲကြိုအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ပြည်တွင်းပြိုင်ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပြီး ကွာတားဖိုင်နယ်မှာလည်း ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၂နဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။

Photo Credit: Sporting News

ဘိုင်ယန်မြူးနစ်က အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်မှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လာရောက် တွေ့ဆုံနေပြီး ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားထဲမှာ ချန်ပီယံလိဂ် အတွေ့အကြုံရော ၊ ခြေစွမ်းပိုင်းပါ များစွာ မကွာခြားတာကြောင့် ဘယ်အသင်းက ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်မလဲ ဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားထဲမှာ ကွာဟချက် ကြီးကြီးမားမား မရှိပေမယ့် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ရောက်ရင် အမြဲလိုလို ဘောလုံးနတ်ဘုရားရဲ့ ဖေးမမှုကို ရရှိတတ်ပါတယ်။ ဒါကြောင့်လည်း တူဟယ်လ်က သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် ကံကောင်းဖို့လည်း လိုအပ်တယ်လို့ ဆိုလာပါတယ်။

Photo Credit: FC Bayern Munich

တူဟယ်လ်က – “ကျွန်တော်တို့က (ဒီပွဲမှာ အနိုင်ရဖို့ ဆိုရင်) နည်းစနစ်ပိုင်းရော ၊ ကံကောင်းဖို့ပါ လိုအပ်ပါတယ်။ ကျွန်တော်တို့က တိုက်စစ်ရော ၊ ခံစစ်ကိုပါ မျှမျှတတ ကစားနိုင်ဖို့လည်း လိုပါလိမ့်မယ်။ ကစားသမားတွေ အတွက် နည်းဗျူဟာ တခုကို ချမှတ်ပေးရပါမယ်။ တချိန်ထဲမှာပဲ ကစားသမားတွေက လွတ်လွတ်လပ်လပ် ကစားခွင့် ရဖို့လည်း လိုပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ကံကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူချင်ရင် ကျွန်တော်တို့က အဘက်ဘက်မှာ ပြည့်စုံဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ကို ယနေ့ည ၁နာရီခွဲအချိန်မှာ ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်ဇ် အရီနာကွင်းထဲမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ ၉ရက်နေ့ မနက် ၁နာရီခွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းထဲမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။