စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးက ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်တို့က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးမှုတွေ လုပ်သွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အမ်ဘာပေနဲ့ အသက် ၂၀အရွယ် အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်တို့က ယခုနှစ် ဘောလုံးရာသီမှာ သက်ဆိုင်ရာကလပ်တွေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေ အဖြစ် ရပ်တည်ထားနိုင်သလို သူမတူတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြကာ သူတို့ရဲ့ကလပ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးထားနိုင်သူတွေပါ။

Photo Credit: Team Talk

ကိုင်လီယန် အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၃ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပြီး တဖက်မှာလည်း ဘယ်လင်ဟမ်က ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ရဲ့ စွမ်းဆောင်ရည်တွေက များစွာ မကွာခြားသလို ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က သက်ဆိုင်ရာလိဂ်တွေရဲ့ ချန်ပီယံတွေ ဖြစ်တော့မှာမို့လို့ နှစ်ဦးစလုံးက ယခုနှစ် ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် အပြိုင် ဖြစ်နေတဲ့ အနေအထားမျိုးမှာ ရှိနေပြီး သူတို့နှစ်ဦးအနက် ဘယ်သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရမလဲ ဆိုတာကို ဆုံးဖြတ်ပေးမှာကတော့ ချန်ပီယံလိဂ်အောင်ပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၁၀ဦး စာရင်းထဲမှာ ပါဝင်နေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရော်ဘတ် လီဝန်ဒေါစကီးကလည်း အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ရဲ့ ခြေစွမ်းတွေကို သဘောကျနေပြီး သူတို့နှစ်ဦးကို ချီးကျူးမှုတွေလည်း လုပ်ခဲ့ပါတယ်။ လီဝန်ဒေါစကီးက – “ကီလီယန် အမ်ဘာပေနဲ့ ဂျု့ဒ် ဘယ်လင်ဟမ်တို့က လက်ရှိရဲ့ ကမ္ဘာ့အတော်ဆုံး ကစားသမားတွေပါ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောရင်း နှစ်ဦးစလုံးကို ချီးကျူးသွားခဲ့တာပါ။

လီဝန်ဒေါစကီးက ဒီရာသီမှာ ဘာစီလိုနာနဲ့အတူ ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရဖို့ ရှိနေပေမယ့် သူက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပါတယ်။