လာမယ့်ရာသီမှာ နည်းပြအပြောင်းအလဲနဲ့အတူ အသင်းကို သွေးသစ်လောင်းမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးက ကြီးမားတဲ့ သွေးသစ်လောင်းမှု အဖြစ် နယူးကာဆယ်ရဲ့ အဓိက တိုက်စစ်မှူး အီဆက်ခ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း လီဗာပူးရဲ့ အတွင်းသတင်းတွေကို အစဉ်တစိုက် ဖော်ပြလေ့ ရှိတဲ့ အင်ဒီကိုင်လာက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ လမ်းခွဲရဖို့ ရှိနေသလို အသင်းရဲ့ အဓိက ကစားသမား အများအပြားကလည်း အသက်အရွယ် ရလာတာကြောင့် နည်းပြသစ် ဆလော့တ် အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် ကစားသမား များစွာ ဝယ်ယူပေးဖို့ စီစဉ်နေပါတယ်။

Photo Credit: Football 365

လတ်တလောမှာ လီဗာပူးက အသင်းရဲ့ နေရာစုံမှာ သွေးသစ်လောင်းမှုတွေ လုပ်ဖို့ လိုအပ်နေပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ် နှစ်နေရာကို အဓိက အားဖြည့်ဖို့ စဉ်းစားထားကြပါတယ်။ လီဗာပူးက တိုက်စစ်ပိုင်းမှာ ဆာလာ ၊ နူနက်စ် ၊ ဂျိုတာ ၊ ဂတ်ပို ၊ ဒီယက်ဇ် စတဲ့ တိုက်စစ်မှူး ၅ဦး အထိ ပိုင်ဆိုင်ထားပေမယ့် အဆိုပါ ကစားသမား ၅ဦး အနက် နူနက်စ် တဦးထဲကသာ အထောင်တိုက်စစ်မှူးစစ်စစ် ဖြစ်သလို နူနက်စ်ရဲ့ ဂိုးသွင်းစွမ်းရည်ကလည်း ထိပ်တန်းအဆင့်မှာ မရှိပါဘူး။

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ ရှိရင်းစွဲ တိုက်စစ်မှူးတွေထဲက အနည်းဆုံး ၁ဦးကို ရောင်းထုတ်ပြီး ထိပ်တန်း အထောင်တိုက်စစ်မှူး ၁ဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး လီဗာပူးရဲ့ ကင်းထောက်တွေက အသင်းနဲ့ ကိုက်ညီမယ့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Sky Sports

လီဗာပူးရဲ့ အတွင်းသတင်းတွေကို အမြဲတမ်း ဖော်ပြလေ့ ရှိတဲ့ သတင်းထောက် အင်ဒီကိုင်လာရဲ့ ဖော်ပြချက်အရ လီဗာပူးက လာမယ့် နွေဈေးကွက် အတွင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးကို သုံးစွဲကာ ထိပ်တန်း အထောင်တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်က လီဗာပူးရဲ့ ထိပ်သီးပစ်မှတ် ဖြစ်ကြောင်း သိရှိရပါတယ်။

အသက် ၂၄နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဆက်ခ်က ၂၀၂၂ခုနှစ်မှာ ဆိုစီဒက်ကနေ နယူးကာဆယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နယူးကာဆယ် အတွက် ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး အထိ သွင်းယူပေးထားကာ လီဗာပူးဟာ အီဆက်ခ်ကို လိုချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် သုံးရနိုင်ပါတယ်။ လီဗာပူးရဲ့ လက်ရှိ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင်ကတော့ နူနက်စ် (ပေါင် ၈၅သန်း)ပဲ ဖြစ်ပါတယ်။