ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ အကြိတ်အနယ် အပြိုင်အဆိုင် ဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အပါအဝင် လက်ကျန် ပရီးမီးယားလိဂ် (၃)ပွဲလုံးကို ရာနှုန်းပြည့် အနိုင်ရလိမ့်မယ်လို့ ဂယ်ရီ နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။

မြောက်လန်ဒန်ဒါဘီမှာ စပါးအသင်းကို အနိုင်ယူခဲ့တဲ့ အာဆင်နယ်က ဘုန်းမောက် မန်ယူနိုက်တက်နဲ့ အဲဗာတန်တို့နဲ့သာ ဆက်လက် ရင်ဆိုင်သွားရဖို့ ရှိနေတော့ပြီး ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်က အာဆင်နယ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ရမှတ် (၈၀)နဲ့ ဦးဆောင်လို့နေပါတယ်။ အာဆင်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နဗီးလ်က “အာဆင်နယ်ဟာ မနှစ်ကထက် အများကြီးကို ပိုကောင်းလာပါတယ်။ စိတ်ဓါတ်ပိုင်းတွေမှာ ပိုပြီး မာကြောခိုင်မာတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။”

“လူအများစုကတော့ ဒါဟာ ဆာလီဘာ ပြန်လာတာကြောင့်လို့ ပြောကြသလို ကျွန်တော်လည်း ဒီလိုထင်ခဲ့ပေမယ့် တကယ်တော့ ဒီထက်မက ပိုမိုပါတယ်။ အခုဆိုရင် ဒီအသင်းရဲ့ ခံစစ်ပိုင်း လုပ်ဆောင်မှုက အာရုံစိုက်မှုတွေနဲ့ စည်းကမ်းပိုင်းတွေ ကောင်းမွန်လာပါတယ်။ ဗီလာနဲ့ရှုံးပွဲ ချန်ပီယံလိဂ်ရှုံးပွဲတွေက သူတို့အသင်းအတွက် လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့ပေမယ့်လည်း သူတို့ အဲ့ဒီနေရာကနေ ပြန်ထနိုင်ခဲ့တယ်။ ဆက်သွားနိုင်ခဲ့တယ်။”

Photo Credit : Sky Sports

“အခု သူတို့ရဲ့ လက်ကျန်ပွဲ (၃)ပွဲမှာ အိုးထရက်ဖို့ဒ်ဆီ သွားရောက်ကစားရမယ့် ပွဲစဉ်တစ်ပွဲတည်းကသာ သူတို့အတွက် အနည်းငယ်လေး ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် ကျွန်တော်ကတော့ သူတို့တွေက လက်ကျန် (၃)ပွဲလုံးကို ရာနှုန်းပြည့် နိုင်သွားမယ်လို့ပဲ ထင်မိပါတယ်။ ဒါကလည်း စီးတီးရဲ့ ရှေ့ပွဲတွေရဲ့ ရလဒ်တွေအပေါ်မှာလည်း မူတည်ပါလိမ့်မယ်။” လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က လက်ရှိမှာ လက်ကျန်ပွဲ (၃)ပွဲ ကစားဖို့ ရှိနေသေးပေမယ့် မန်စီးတီးကတော့ ဝုလ်ဗ် ဖူလ်ဟမ် စပါးနဲ့ ဝက်စ်ဟမ်းတို့နဲ့ ကစားဖို့ ရှိနေသေးပြီး (၄)ပွဲအထိ ကစားရဦးမှာဖြစ်လို့ အာဆင်နယ်ထက် အခွင့်အရေး ပိုမို ကောင်းမွန်လို့နေရပါတယ်။