ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရပါက စပါးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၄လသာ ကျန်တော့တဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ အပူတပြင်း ကြိုးပမ်းနေပေမယ့် အမ်ဘာပေဘက်က လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့သာ စိုင်းပြင်းနေတာကြောင့် ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက အစားထိုး တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့ နေရာအတွက် ဘာစီလိုနာ တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပေမယ့် တဖက်မှာလည်း နေမာနဲ့ မက်ဆီတို့က အသက်အရွယ် ရလာတာကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားပါတယ်။

Photo Credit: Football London

ဒါကြောင့် စပါးက ဟယ်ရီကိန်းကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုကာ အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားနေပေမယ့် ဟယ်ရီကိန်းကတော့ အသင်းကနေ ထွက်ခွာပြီး ဆုဖလားတွေ စိန်ခေါ်နိုင်စွမ်း ရှိတဲ့ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေကာ ပီအက်စ်ဂျီမှာ သူ့ရဲ့ ဆရာဟောင်း ပိုချက်တီနို ရှိနေတဲ့ အချက်ကလည်း ပြင်သစ်မြေဆီ ပြောင်းရွှေ့ဖို့ ဟယ်ရီကိန်းကို အဓိက တွန်းအားပေးတဲ့ အချက်တခု ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ယုံကြည်ချက် အပြည့် ရှိနေပြီး ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း ဝန်းကျင် ပေးချေဖို့ ဆန္ဒရှိနေသလို စပါးကလည်း အင်္ဂလန်ပြင်ပ အသင်းတသင်း ဖြစ်တဲ့ သူတို့ထံ ဟယ်ရီကိန်းကို ရောင်းချမယ်လို့ ယုံကြည်ထားကြောင်းလည်း သိရပါတယ်။