ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီးအသင်းဟာ အင်တာမီလန်အသင်းရဲ့ ဆလိုဗက်ကီးယား ခံစစ်ကစားသမား မီလန်ရှကရီညာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး ကစားသမားရဲ့ လက်ရှိ စာချုပ်အခြေအနေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
အင်တာရဲ့ ဗဟိုခံစစ်မှူး ရှကရီညာကို ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ပီအက်စ်ဂျီတို့ကပါ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းက ခေါ်ယူဖို့ အသီးသီး ကြိုးပမ်းခဲ့ကြပေမယ့် အင်တာက သူတို့ ကစားသမားကို ရောင်းချဖို့ လက်မခံခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက် ရှိနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှကရီညာရဲ့ စာချုပ်က ၂၀၂၃ခုနှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဒီအခြေအနေကို ချယ်လ်ဆီး စပါးတို့အပြင် မန်စီးတီးအသင်းကပါ စောင့်ကြည့်လျက် ရှိနေပြီး ဇန်နဝါရီလအတွင်းမှာပင် ရှကရီညာကို ကမ်းလှမ်းဖို့ စတင် လုပ်ဆောင်ဖွယ်ပါ ရှိနေပါတယ်။
Photo Credit : Daily Mail
မန်စီးတီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းမှာ ရူဘင်ဒီယက်စ် ဂျွန်စတုန်းစ် လာပေါ့တ် နေသန်အကီတို့အပြင် ပြီးခဲ့တဲ့နွေက ခေါ်ယူထားတဲ့ အကန်ဂျီလည်း ရှိနေပေမယ့် အကီက လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲဖွယ် ရှိနိုင်သလို လာပေါ့တ်ကလည်း ဒဏ်ရာ မကြာခဏ ရရှိနေတာမို့ ခံစစ်ပိုင်းအတွက် နောက်ထပ် ကစားသမားတစ်ဦး ထပမ်မံအားဖြည့်သွားချင်တာကြောင့် ရှကရီညာကို ကြိုးပမ်းလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ဆလိုဗက်ကီးယား လက်ရွေးစင် ရှကရီညာဟာ ၂၀၁၇ခုနှစ်ကမှ ဆမ်ဒိုရီးယားကနေ အင်တာကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်တာအတွက် ပွဲပေါင်း (၂၂၃)ပွဲ ပါဝင်ထားနိုင်ခဲ့သလို လက်ရှိမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ လက်ရှိတန်ကြေးအရ ယူရို(၆၅)သန်းလောက် ရှိနေတဲ့ ခံစစ်ကစားသမားတစ်ဦးကို လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေမျိုး ဖြစ်နေတာကြောင့် ဒီအခွင့်အရေးကို ကလပ်အသင်းတိုင်းက လိုချင်ဖြစ်တဲ့အတွက် အသင်းနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်တော့မယ့် ဇန်နဝါရီလမှာပဲ စီးရီးအေ ပြင်ပကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ အသိးသီး ရောက်လာဖွယ် ရှိနေပါတယ်။