အမေရိကန် မေဂျာလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာ မိုင်ယာမီက လာမယ့် နွေဈေးကွက် အတွင်းမှာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရှိရပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဝါရင့် တောင်ပံတိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာက ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် အခုချိန်အထိ ခြေစွမ်းကောင်းတွေကို ထိန်းထားနိုင်ဆဲ ဖြစ်ပြီး သူက ဒီရာသီမှာ ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ရရှိထားပါတယ်။

Photo Credit: Standard

ဒီမာရီယာက ဘင်ဖီကာရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်တာကြောင့် ဘင်ဖီကာက အနည်းဆုံး ၁နှစ် စာချုပ်သက်တမ်း တိုးချင်နေပေမယ့် ဒီမာရီယာကတော့ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်ကို ပြိုင်ဆိုင်မှု သိပ်မပြင်းထန်တဲ့ ဘောလုံးလိဂ် တခုမှာသာ အဆုံးသတ်ချင်နေပါတယ်။

ဒါကြောင့်ပဲ ဒီမာရီယာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘင်ဖီကာနဲ့ လမ်းခွဲဖို့ စဉ်းစားနေပြီး လက်ရှိမှာတော့ ဒီမာရီယာရဲ့ အသင်းဟောင်း ရိုဆာရီယို ၊ အင်တာ မိုင်ယာမီနဲ့ ဆော်ဒီကလပ်တွေက ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာ မိုင်ယာမီက အိန်ဂျယ် ဒီမာရီယာကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ စတင် ပြုလုပ်နေပြီး ဒီမာရီယာကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှပဲ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ်ချက် ချမယ်လို့ သိရှိရပါတယ်။

အင်တာ မိုင်ယာမီမှာ ဒီမာရီယာရဲ့ အရင်းနှီးဆုံး သူငယ်ချင်း လီယွန်နယ် မက်ဆီ ရှိနေသလို သူနဲ့ ရင်းနှီးတဲ့ ဆွာရက်ဇ် ၊ ဘူးစကွက် ၊ အယ်လ်ဘာ စတဲ့ ကစားသမားတွေလည်း ရှိနေတာကြောင့် ဒီမာရီယာက ဘင်ဖီကာကို စွန့်ခွာဖြစ်ခဲ့ရင် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ ကစားဖို့ ရာခိုင်နှုန်း များနေပါတယ်။