ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ မရှိမဖြစ် ကစားသမားလို့လည်း ဆိုနိုင်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က အသေးစား ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု မပြည့်ဝသေးလို့ တနင်္လာနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို သူက အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အသင်းခေါင်းဆောင်ရာထူးကိုပါ ရလာခဲ့ပါတယ်။

Photo Credit: Goal

ဘရူနို ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် အသင်းခေါင်းဆောင်ရာထူးကို ရရှိပြီးနောက် အသင်းအတွက် တကွင်းလုံးအနှံ့ လိုက်ဆော့ပေးခဲ့ပြီး သူ့ရဲ့ အကွက်မြင်မှု ၊ လုပ်အားနှုန်းနဲ့ ပေးပို့မှုတွေက အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းမွန်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ခြေစွမ်းကောင်းသလို ကြံ့ခိုင်မှုလည်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၁၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Football 365

ဘရူနို ဖာနန်ဒက်စ်က ကြံ့ခိုင်မှု ကောင်းမွန်ပေမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၃ ကိုဗင်ထရီ ပွဲစဉ်မှာ လက်ချောင်းဒဏ်ရာနဲ့ အသေးစားဒဏ်ရာ တချို့ကို ရရှိခဲ့ပြီး အဆိုပါပွဲပြီးကတည်းက ဖာနန်ဒက်စ်ဟာ ကြံ့ခိုင်မှု မပြည့်ဝပဲနဲ့ ယူနိုက်တက်ရဲ့ ပွဲတွေကို ဝင်ကစားပေးနေခဲ့တာပါ။

အခုတပတ်ထဲမှာတော့ ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာအခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကတော့ ဖာနန်ဒက်စ်ဟာ ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲကို လွဲချော်နိုင်ကြောင်း ပွဲကြိုအင်တာဗျူးမှာ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ဘန်လေနဲ့ ပွဲအပြီးမှာ ဘရူနိုက ဒဏ်ရာပြဿနာ တချို့ ခံစားခဲ့ပါတယ်။ ဒါကြောင့် သူက တနင်္လာနေ့မှာ ဝင်ကစားဖို့ မသေချာပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက ဘရူနိုဟာ ဘယ်ပွဲကိုမှ လက်လွှတ်မခံတတ်တဲ့ လူစားမျိုး ဆိုတာ သိပြီးသားပါ။ သူက အဲ့ဒီပွဲမှာ အသင်းအတွက် ဝင်ကစားပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။