ဒေါ့မွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ လာမယ့်ရာသီမှာ သူရဲ့ မူလကလပ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုသာ ပြန်သွားသင့်တယ်လို့ ဂျုဗင်တပ်စ် Legend ကြီး ဒယ်လ်ပီယာရိုက အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် မန်စီးတီး အကယ်ဒမီထွက် ဘယ်တောင်ပံကစားသမား ဆန်ချိုဟာ ၂၀၂၁ခုနှစ်ကမှ ဒေါ့မွန်ကနေ မန်ယူနိုက်တက်အသင်းဆီ ပေါင် (၇၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ အဆင်မပြေတာကြောင့် ဆောင်းဈေးကွက်မှာပဲ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Techz

တကယ်တော့ ဆန်ချိုဟာ ဒေါ့မွန်မှာ သူရဲ့ စီနီယာ ကစားသမားဘဝ စတင် ဖြတ်သန်းချိန်တုန်းက အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့လို့ သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားခဲ့ကြရင်း မန်ယူနိုက်တက်အသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆန်ချိုဟာ ယူနိုက်တက်ဆီ ရောက်ရှိမှပဲ သူရဲ့ ခြေစွမ်းတွေပါ ကျဆင်းလာခဲ့သလို နည်းပြတန်ဟက်ဂ်နဲ့ပါ ပြသာနာ ဖြစ်လာခဲ့ပြီး ဆန်ချိုရဲ့ ယူနိုက်တက် ကစားသမားဘဝကပါ အတော်လေး မှေးမှိန်လာခဲ့ရပါတယ်။ ဒါ့အပြင် ဆန်ချိုက လက်ရှိ သူ့အသင်းဟောင်း ဒေါ့မွန်မှာလည်း ခြေစွမ်းပြန်ပြနေပြီး ပျော်ရွှင်နေပေမယ့် ဒယ်လ်ပီယာရိုကတော့ ဆန်ချိုအနေနဲ့ ယူနိုက်တက်ဆီပဲ ပြန်သွားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

Photo Credit : Utd District

“သူ့လို ကစားသမားတစ်ယောက်က ဒီလို အရည်အသွေးမျိုးနဲ့ ဒီလို ပွဲမျိုး(ပီအက်စ်ဂျီနဲ့ပွဲစဉ်ကိုဆ်ိုလိုခြင်းဖြစ်ပါတယ်)ကို ကစားနိုင်တဲ့အခါ မန်ယူနိုက်တက်အသင်းဆီကို ပြန်သွားရပါလိမ့်မယ် နောက်နှစ် ဒါမှမဟုတ် နောက်ထပ်တစ်နှစ်မှာ သူဘယ်လိုခံစားရမလဲ ဘယ်နည်းပြနဲ့ လက်တွဲရမလဲဆိုတာ စောင့်ကြည့်ရမယ်။ ဒီလို ကစားသမားမျိုးတွေက ထိပ်တန်းအဆင့်မှာ နှစ်တိုင်းကစားနေရဖို့ လိုအပ်ပါမယ်။”

“ဒီလို ပြောလည်း ဒေါ့မွန်က ထိပ်တန်းအဆင့်မှာ ရှိမနေဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့က ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကိုတောင် ရယူသွားနိုင်ပါတယ်။ သို့ပေမယ့်လည်း ယူနိုက်တက်နဲ့ဆိုရင်တော့ အောင်မြင်မှုတွေကို နှစ်တိုင်းလိုလို ရယူနိုင်မယ့် ဖြစ်နိုင်ခြေက ပိုများပါတယ်။ သူတို့က ဒီရာသီမှာ ရုန်းကန်နေရတယ် ဆိုပေမယ့်လည်း ကလပ်အသင်းကြီးတွေနဲ့အတူ အောင်မြင်ချင်တယ်ဆိုရင်တော့ ယူနိုက်တက်ကိုပဲ ပြန်သွားရမှာပါ။” လို့ ဒယ်လ်ပီယာရိုက မှတ်ချက်ပြုသွားခဲ့ပါတယ်။