စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အာဂျင်တီးနား နာမည်ကြီးကလပ် ရေးဗားပလိတ်ရဲ့ လူငယ်ကြယ်ပွင့် မာစတန်တောနိုကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်လာကြောင်း ယုံကြည်စိတ်ချရတဲ့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ယူ-၁၇ လက်ရွေးစင် မာစတန်တောနိုက ရေးဗားပလိတ်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံတိုက်စစ်တွေမှာ အဓိက ကစားလေ့ ရှိသူပါ။

Photo Credit: Standard

မာစတန်တောနိုက ၂၀၂၄ခုနှစ် အတွင်းမှာ ရေးဗားပလိတ်အတွက် စတင် ကစားခွင့် ရနေပြီး သူက ရေးဗားပလိတ် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားကာ ရေးဗားပလိတ်နဲ့အတူ စူပါကိုပါဖလားကိုလည်း အရယူနိုင်ခဲ့ပါတယ်။

မာစတန်တောနိုက ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ပြီး ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားသလို အကွက်မြင်တဲ့ ပေးပို့မှုတွေ လုပ်နိုင်တာကြောင့် ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်မှုတွေ လုပ်နေကြပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က မာစတန်တောနိုကို ခေါ်ယူဖို့ အတွက် ရေးဗားပလိတ်ထံ တရားဝင် ဆက်သွယ်မှုတွေ လုပ်ထားပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကင်းထောက်တွေက မာစတန်တောနိုဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ ဗယ်လ်ဗာဒီနဲ့ တူညီတဲ့ အရည်အသွေးမျိုးတွေ ရှိနေတယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အပြင် မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အင်္ဂလန် ထိပ်သီးကလပ်တွေကလည်း မာစတန်တောနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မာစတန်တောနိုကို ခေါ်ယူချင်ရင် အလျင်အမြန် လှုပ်ရှားဖို့ လိုအပ်နေပြီး ရေးဗားပလိတ်ကတော့ မာစတန်တောနို အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။