ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူဟာ လာမယ့်ရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် ဆက်လက် တာဝန်ယူမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပထမဦးဆုံး ဘောလုံးရာသီမှာပဲ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား ၁လုံး ရယူပေးနိုင်ခဲ့သလို အက်ဖ်အေဖလား ငွေတံဆိပ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကိုပါ အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Bein Sports

တန်ဟက်ဂ်က ဒီရာသီမှာလည်း အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေမှုကြောင့် ယူနိုက်တက် အတွက် ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ရုန်းကန်နေရပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို အခက်အခဲတွေကြားကနေ အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။

ကနဦးမှာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက နည်းပြချုပ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုပြီး သတင်းကြီးခဲ့ပေမယ့် တန်ဟက်ဂ်က ယူနိုက်တက်ကို အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ အချိန်မှာ အဆိုပါ ကောလဟာလ သတင်းတွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

Photo Credit: Goal

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တန်ဟက်ဂ်က သူဟာ အသင်းရဲ့ တာဝန်ရှိသူသစ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တခုကို တည်ဆောက်ထားနိုင်သလို လာမယ့်ရာသီမှာ ယူနိုက်တက်ကို ဆက်လက် ကိုင်တွယ်ခွင့် ရမယ်လို့ ထင်မြင်ထားကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ကတော့ လာမယ့်ရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ယူဆထားပါတယ်။ ကျွန်တော်က ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားတာပါ။ ကျွန်တော်က လက်လျှော့ပြီး အရှုံးပေးတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ အေဂျက်နဲ့ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ အနာဂတ်မှာ ဘယ်လိုမျိုး ဖြစ်လာမလဲ ဆိုတာတော့ မပြောတတ်ပါဘူး။ အေဂျက်ကလည်း ထိပ်တန်းအသင်း တသင်းပါ။ ကျွန်တော်က အေဂျက်မှာ ကောင်းမွန်တဲ့ အချိန်တွေကို ရခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။