တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းက စပါးတိုက်စစ်မှူးဟောင်းနဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းလို တစ်ရာသီမှာ အနိမ့်ဆုံး ဂိုး(၃၀)လောက်အထိ သွင်းယူနိုင်မယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ပြောဆိုလိုက်ပါတယ်။

နည်းပြ တန်ဟက်ဂ်က ဒီရာသီမှာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း စပါးဘက်ကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဆီ မရောင်းချလိုတဲ့အတွက် ကိန်းကလည်း ဘိုင်ယန်ဆီသာ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်ကလည်း ကိန်းကို မခေါ်ယူနိုင်တာကြောင့် အတ္တလန်တာက ဒိန်းမတ်တိုက်စစ်မှူးလေး ဟွိုင်လန်းကိုသာ ခေါ်ယူလိုက်ရပြီး လက်ရှိမှာတော့ ဟွိုင်လန်းက ယူနိုက်တက်အတွက် ဒီရာသီ ပြိုင်ပွဲစုံ (၃၈)ပွဲကစား (၁၄)ဂိုးသွင်းကာ (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

အတွေ့အကြုံရင့် တိုက်စစ်ကစားသမား ဟယ်ရီကိန်းကတော့ ဒီရာသီမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၄၃)ပွဲကစားထားပြီး (၄၃)ဂိုးအထိတောင် သွင်းယူထားသလို ဂိုးဖန်တီးမှုမှာလည်း (၁၁)ကြိမ်အထိတောင် အံ့မခန်း စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ဟယ်ရီကိန်းက တစ်ရာသီမှာ ဂိုး(၃၀)လောက် သွင်းယူလိမ့်မယ်ဆိုတာကို ခင်ဗျားတို့ သိကြပါလိမ့်မယ်။ သူက ကျွန်တော် ခေါ်ယူချင်ခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်သလို ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတာ သက်သေပြထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။”

“သူ့ကို မရခဲ့လို့ ကျွန်တော်တို့ ရက်မတ်စ်ကို ရရှိခဲ့တယ်။ ရက်မတ်စ်ကလည်း တကယ့်ကို ကြီးမားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားလေးပါ။ သူ့အတွက်ကတော့ အချိန်လိုအပ်ပါတယ်။ နောက်ဆိုရင် သူလည်းပဲ တစ်ရာသီကို ဂိုး (၃၀)အထိ သွင်းယူလာနိုင်ပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။