ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ သူ့ရဲ့အသင်းက စပါးကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် သူက အသင်းမှာ ဆက်ရှိနေဖို့ မသေချာသေးကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) ပွဲကျန်အဖြစ် မြို့ခံပြိုင်ဘက် စပါးကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ပြီး နှစ်သင်းစလုံးက ရည်မှန်းချက်ကိုယ်စီ အတွက် အဓိက ကစားသမား အစုံအလင် ထည့်သွင်း ကစားခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Football 365

ချယ်လ်ဆီးက ဥရောပဝင်ခွင့် မျှော်လင့်ချက် အတွက် ရမှတ်တွေ တတ်နိုင်သလောက် စုဆောင်းနိုင်ဖို့ လိုအပ်နေသလို စပါးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်လျော့လို့ မဖြစ်တော့တာကြောင့် အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးကာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင် ချယ်လ်ဆီးက စပါးထက် ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းပါ ပိုမို ကောင်းမွန်ခဲ့ပါတယ်။

ချယ်လ်ဆီးက စပါးကို တပွဲလုံးနီးပါး စိတ်ဓာတ်အသာနဲ့ ကစားနိုင်ခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး ချယ်လ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၄မိနစ်မှာ နောက်ခံလူ ချာလိုဘက်နဲ့ ပွဲချိန် ၇၂မိနစ်မှာ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးက လန်ဒန်ဒါဘီမှာ အောင်ပွဲခံနိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိလာခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ အခုချိန်အထိ သူဟာ ရာသီသစ်မှာ ချယ်လ်ဆီးကို ဆက်လက် ကိုင်တွယ်ခွင့်ရမလား ၊ ဒါမှမဟုတ် ရာထူးကနေ ထုတ်ပယ်ခံရမလား ဆိုတာကို အတိအကျ မသိရသေးကြောင်း ဆိုလာပါတယ်။

ပိုချက်တီနိုက – “အပတ်တိုင်းမှာ ကျွန်တော့်ရဲ့ ရာထူးအတွက် ဆွေးနွေးနေကြပြီ ၊ တိုင်ပင်နေကြပြီ ဆိုတဲ့ သတင်းတွေကို ဆက်တိုက် တွေ့နေရတာဟာ ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ကျွန်တော်က နောက်ရာသီမှာ ချယ်လ်ဆီးနဲ့အတူ ဆက်ရှိနေမလား ၊ မရှိဘူးလား ဆိုတာဟာ ကျွန်တော် ဆုံးဖြတ်လို့ ရတဲ့ အရာ မဟုတ်ပါဘူး။ နည်းပြတိုင်းကတော့ သူတို့ရဲ့ ကစားပုံတွေ ၊ အတွေးအခေါ်တွေကို အသင်းထဲ ရိုက်သွင်းနိုင်ဖို့ အချိန်တခု လိုအပ်ကြတာချည်းပါပဲ။ ဒါကြောင့် ကျွန်တော်လည်း အချိန်လိုအပ်ပါတယ်။ အခုချိန်မှာ ကျွန်တော် ပြောနိုင်တာကတော့ တကယ်လို့ ကျွန်တော်သာ အသင်းမှာ ဆက်နေခွင့် ရမယ် ဆိုရင် ချယ်လ်ဆီးရဲ့ သမိုင်းကြောင်းနဲ့ ကိုက်ညီတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကျွန်တော်တို့တွေ အများကြီး ကြိုးစားရမယ် ဆိုတာပါပဲ။ ကျွန်တော်က အသင်းကို ဆက်ပြီး တည်ဆောက်ခွင့် ရ ၊ မရ ဆိုတာကို စောင့်ကြည့်ကြတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပါ။