ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက စက်တင်ဘာလ ၈ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မော်ရိုကိုပြည်သူ ၂၅၅ယောက် အတွက် နေအိမ် ၅၀အိမ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၈ရက်နေ့မှာ ရစ်ချ်တာစကေး ၆.၈ ရှိတဲ့ အင်အားပြင်း ငလျင်က မော်ရိုကိုနိုင်ငံမှာ လှုတ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်ကြောင့် မော်ရိုကိုပြည်သူ ရာနဲ့ချီ သေဆုံးခဲ့သလို ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ နိုင်ငံတကာမှာ ရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေ ၊ အားကစားသမားတွေက ငလျင်ဒဏ်ခံ မော်ရိုကိုပြည်သူတွေ အတွက် ပြန်လည် ထူထောင်ရေး အစီအစဉ်တွေကို တတ်နိုင်သလောက် လုပ်ပေးခဲ့ကြပြီး ဆာကာကလည်း မော်ရိုကိုပြည်သူတွေကို ကူညီ ထောက်ပံ့ပေးခဲ့တဲ့ နာမည်ကြီး ဘောလုံးသမားတွေထဲမှာ ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဆာကာဟာ ငလျင်ဒဏ်ခံ မော်ရိုကိုပြည်သူတွေ အတွက် နေထိုင်လို့ ရတဲ့ ကွန်တိန်နာ တိုက်ခန်း အလုံး ၅၀ ဝယ်ယူ လှူဒါန်းပေးခဲ့ပြီး မော်ရိုကိုပြည်သူ ၂၅၅ယောက်ဟာ ဆာကာ လှူဒါန်းခဲ့တဲ့ ကွန်တိန်နာ တိုက်ခန်းတွေမှာ နေထိုင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါ့အပြင် အဆိုပါ မော်ရိုကိုပြည်သူ ၂၅၅ယောက် အနက် ၈၉ယောက်ဟာ ကလေးသူငယ်တွေ ဖြစ်ကြပြီး အဆိုပါ မိသားစုဝင်တွေ အားလုံးက ဆာကာကို သူတို့ရဲ့ ကျေးဇူးရှင် အဖြစ် သတ်မှတ်ထားကြောင်းလည်း ဒေသတွင်း သတင်းစာတွေက ဖော်ပြထားပါတယ်။

နှလုံးလှတဲ့ ဆာကာက ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပါတယ်။