လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားရဲ့ နည်းပြချုပ် ဖြစ်သူ စကာလိုနီက အာဂျင်တီနားကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် လာမယ့် ဇွန်လမှာ ကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ပြီးဆုံးချိန် အထိ အာဂျင်တီးနားကို ဆက်လက် ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

အသက် ၄၅နှစ် အရွယ် အာဂျင်တီးနားလူမျိုး နည်းပြချုပ် စကာလိုနီက ၂၀၁၈ခုနှစ်မှ စတင်ကာ အာဂျင်တီးနားကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ အာဂျင်တီးနားက ကြယ်ပွင့် ကစားသမား လီယွန်နယ် မက်ဆီကို မှီခိုကာ ကစားတဲ့ အသင်းအဖြစ် ကနေ အသင်းလိုက် ကစားဟန်ကို အားပြုတဲ့အသင်း အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Photo Credit: Goal

အသင်းလိုက် ကစားဟန် တိုးတက်လာပြီးနောက် အာဂျင်တီးနားက လီယွန်နယ် မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ အဓိက ဖလားပြိုင်ပွဲတွေမှာ တောက်လျှောက် ဗိုလ်စွဲခဲ့ပြီး စကာလိုနီရဲ့ လက်ထက်မှာ အာဂျင်တီးနားက ကိုပါအမေရိကဖလား ၁ကြိမ် ၊ ကမ္ဘာ့ဖလား ၁ကြိမ်နဲ့ တောင်အမေရိက-ဥရောပ တိုက်ကြီးနှစ်တိုက် ချန်ပီယံဖလား ၁ကြိမ် စုစုပေါင်း ဆုဖလား ၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

သူ ယူပေးခဲ့တဲ့ အောင်မြင်မှုတွေကြောင့်ပဲ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က စကာလိုနီကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပေမယ့် စကာလိုနီကတော့ လက်ရွေးစင်နည်းပြအဖြစ် အချိန်အကြာကြီး တာဝန်ယူခဲ့ရတာကြောင့် စိန်ခေါ်မှုအသစ် အဖြစ် ကလပ်အသင်းတွေကို ပြောင်းလဲ ကိုင်တွယ်ချင်နေပါတယ်။

Photo Credit: FIFA

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စကာလိုနီက အာဂျင်တီးနားကို စွန့်ခွာဖို့ စဉ်းစားနေပေမယ့် လာမယ့် ဇွန်လမှာ ကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားကို ဦးဆောင်လာမှာ ဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲ ပြီးဆုံးမှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။

စကာလိုနီရဲ့ အာဂျင်တီးနားက ၂၀၂၂ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ထားတာကြောင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှာ ဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းအရ အာဂျင်တီးနားကပဲ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် ထပ်မံ အောင်ပွဲခံနိုင်ဖွယ် ရှိပါတယ်။