ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ကမ္ဘာ့ကလပ်ဖလားကို ရအောင် ယူပြီး စိတ်ဓာတ်တွေ ပြန်မြှင့်ကြဖို့ အသင်းရဲ့ ကစားသမားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူကာ သမိုင်းဝင်ရာသီ တခုကို ဖန်တီးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးက EFLပြိုင်ပွဲကနေ အစောကြီး ထွက်ထားရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲစဉ်(၁၇) အပြီးမှာ ရမှတ် ၃၄မှတ်သာ စုဆောင်းထားနိုင်ကာ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ် အထိ ကွာဟနေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးက ဥရောပရဲ့ ချန်ပီယံအဖြစ် ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသလို ဗိုလ်လုပွဲ အထိပါ ရောက်ရှိနေပြီး ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ စီးတီးဟာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: The Sun

မန်ချက်စတာ စီးတီးနဲ့ ဖလူမင်နိစ်တို့ရဲ့ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲကို ယနေ့ည ၁၂နာရီခွဲ အချိန်မှာ ကျင်းပသွားဖို့ စီစဉ်ထားပြီး ဂွာဒီယိုလာကတော့ ကမ္ဘာ့ကလပ်ဖလားကို အရယူကာ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်တင်ဖို့ ကစားသမားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဒီပြိုင်ပွဲက ခြားနားတဲ့ ပြိုင်ပွဲ တခုပါ။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ အနိုင်ရရှိမှုက ကျွန်တော်တို့အတွက် အားဆေး တခွက်လို ဖြစ်လာမှာ အသေအချာပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ခရစ္စမတ်ကာလကို ပိုပြီး ကောင်းလာစေပါလိမ့်မယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့ အတွက် ခြားနားတဲ့ ပတ်ဝန်းကျင် တခုပါ။ ဒါကြောင့် ကျွန်တော်တို့က အနိုင်ရရှိဖို့ အတွက် ကောင်းကောင်း ပြင်ဆင်ထားရပါမယ်။ ပြီးတော့ ကျွန်တော်တို့မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ရပါမယ်။ ဒီပြိုင်ပွဲမှာသာ အောင်မြင်မှု ရခဲ့ရင် အဲ့ဒီအောင်မြင်မှုက ထာဝရ တည်ရှိသွားမယ့် အောင်မြင်မှု တခုပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။