မကြာသေးမီကမှ ဘောလုံးကစားသမားဘဝ ကနေ အနားယူကြောင်း တရားဝင် ကြေညာထားတဲ့ ချယ်လ်ဆီးနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ဂန္တဝင် ကစားသမား အီဒင် ဟာဇက်ကို မကြာခင်မှာ ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ ပြန်လည် မြင်တွေ့ရတော့မယ်လို့ သိရှိရပါတယ်။

တချိန်က ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ အီဒင် ဟာဇက်က အသက် ၃၃နှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်းထန်လွန်းတဲ့ ခြေကျင်းဝတ်နဲ့ ဒူးဒဏ်ရာတွေကြောင့် ကစားသမားဘဝ ကနေ အစောကြီး အနားယူဖို့ ဆုံးဖြတ်ခဲ့သူပါ။

ဟာဇက်က ကစားသမားဘဝ ကနေ အစောကြီး အနားယူခဲ့ပေမယ့် ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့ပြီး ဟာဇက်ရဲ့ အောင်မြေဟာ ချယ်လ်ဆီး ဖြစ်ကာ ဟာဇက်က ချယ်လ်ဆီးမှာ ၇ရာသီကြာအောင် ကစားခဲ့ရာ ပရီးမီးယားလိဂ်ဖလား ၂ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ယူရိုပါလိဂ်ဖလား ၂ကြိမ်နဲ့ ကာရာဘောင်းဖလား ၁ကြိမ် စုစုပေါင်း ဆုဖလား ၆လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Soccer Aid

ဒါကြောင့်ပဲ ချယ်လ်ဆီးပရိသတ်တွေရဲ့ ရင်ထဲမှာ အခုချိန်အထိ အီဒင် ဟာဇက် ရှိနေဆဲ ဖြစ်သလို အီဒင် ဟာဇက်ကလည်း အချိန်ရတိုင်း ချယ်လ်ဆီးရဲ့ အကြောင်းတွေကို ပြောကာ သူဟာ အပြာရောင်ခြင်္သေ့တပ်ရဲ့ သစ္စာတော်ခံ အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း သက်သေပြထားပါတယ်။

အီဒင် ဟာဇက်ကို လွမ်းနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေ အတွက် သတင်းကောင်း တခုကတော့ ဟာဇက်ဟာ UNICEF အဖွဲ့အစည်း အတွက် ရန်ပုံငွေ ကောက်ခံပေးဖို့ ရည်ရွယ်ကာ ကျင်းပမယ့် Soccer Aid 2024 ပွဲစဉ်မှာ Soccer Aidအသင်းရဲ့ ကစားသမား အဖြစ် ဝင်ရောက် ကစားပေးဖို့ သဘောတူထားပြီး Soccer Aid 2024 ပွဲစဉ်ကို လာမယ့် ဇွန်လ ၆ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

Photo Credit: Sports Brief

Soccer Aid 2024 ရန်ပုံငွေပွဲကို ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး Soccer Aidနဲ့ အင်္ဂလန်ဂန္တဝင်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ကာ Soccer Aidရဲ့ နည်းပြချုပ် အဖြစ် လက်ရှိချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက တာဝန်ယူ ဆောင်ရွက်သွားဖို့ ရှိနေပြီး အင်္ဂလန်ဂန္တဝင်ရဲ့ နည်းပြချုပ်ကတော့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ လမ်းပတ်ပါ။

လမ်းပတ်ရဲ့ အင်္ဂလန်ဂန္တဝင်အသင်းမှာ ဒေးဗစ် ဆီးမန်း ၊ ဒေးဗစ် ဂျိမ်းစ် ၊ ဝီလ်ရှိုင်းယား ၊ ဂျာမိန်း ဒီဖိုး ၊ ဂယ်ရီ ကာဟေးလ် စတဲ့ နာမည်ကျော် အင်္ဂလန် ကစားသမားဟောင်းတွေ ပါဝင် ကစားဖို့ ရှိနေကာ ပိုချက်တီနိုရဲ့ Soccer Aidမှာတော့ အီဒင် ဟာဇက် ၊ ရော်ဘတ်တို ကားလို့စ် စတဲ့ ကြယ်ပွင့်ဟောင်းတွေ အပြင် အူစိန်ဘော့လို အပြေးချန်ပီယံပါ ပါဝင်လာဖို့ ရှိနေပါတယ်။