ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက အင်္ဂလန်ရဲ့ နာမည်ကျော် ဆော့စ်ကုမ္ပဏီ Nandoနဲ့ လက်တွဲကာ သူ့ရဲ့ ပထမဦးဆုံး ကိုယ်ပိုင် ငရုတ်သီးဆော့စ်ကို ထုတ်လုပ် ရောင်းချတော့မယ်လို့ သိရှိရပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်နဲ့ အာဆင်နယ်တို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက အာဆင်နယ်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ရရှိထားပါတယ်။

Photo Credit: Standard

ဘူကာယို ဆာကာက မြက်ခင်းပြင်ပေါ်မှာ သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သလို ကွင်းပြင်ပမှာလည်း အနေအထိုင် အေးဆေးတာကြောင့် အာဆင်နယ်နဲ့ အင်္ဂလန်ရဲ့ ပရိသတ်တွေက သူ့ကို ချစ်ကြပြီး အာဆင်နယ် ပရိသတ်တွေဟာ ပေါက်ကွဲအား ကောင်းကောင်းနဲ့ ကစားတတ်တဲ့ ဘူကာယို ဆာကာကို “ငရုတ်သီးလေး” လို့ နာမည်ပြောင်ပေးထားပါတယ်။

ဘူကာယို ဆာကာကလည်း “ငရုတ်သီးလေး” ဆိုတဲ့ နာမည်ကို သဘောကျသလို ငရုတ်သီးဆော့စ်တွေကို စားရတာ ကြိုက်နှစ်သက်သူ ဖြစ်ပြီး အခုချိန်မှာတော့ ဆာကာက သူ့ရဲ့ နာမည်ပြောင်အတိုင်းပဲ ငရုတ်သီးဆော့စ်ကို ထုတ်လုပ် ရောင်းချပါတော့မယ်။

Photo Credit: Tribuna

ဘူကာယို ဆာကာနဲ့ ဆော့စ်ကုမ္ပဏီ Nandoတို့ လက်တွဲကာ ထုတ်လုပ်မယ့် ငရုတ်သီးဆော့စ်ကို “The Peri Peri Saka Sauce” လို့ နာမည်ပေးထားပြီး Peri Peri Saka Sauceကို မကြာခင်မှာပဲ ဈေးကွက်ထဲမှ စတင် ဖြန့်ချိတော့မယ်လို့ သိရှိရပါတယ်။

Peri Peri Saka Sauceနဲ့ ပတ်သတ်ပြီး ဘူကာယို ဆာကာက – “ကျွန်တော့်ရဲ့ ဆော့စ်ကို အချို ၊ အစပ် ၊ မီးခိုး စတဲ့ အရသာ ၃မျိုး ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာပါ။ ကျွန်တော့်ရဲ့ ဆော့စ်ကို လူတိုင်း မြည်းစမ်းခွင့် ရအောင် ပို့ပေးဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က Nandoဆော့စ်ကို စားပြီး ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆော့စ်ကို ထုတ်လုပ်နိုင်ခဲ့တဲ့ အတွက် အရူးအမူး ပျော်ရွှင်နေပါတယ်” လို့ ပြောကြားထားပါတယ်။