မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက လက်ရှိမှာ ကြက်တောင်အားကစားရဲ့ အိုလံပစ်အဆင့် (၂၂) နေရာကို သိမ်းပိုက်ထားနိုင်တာကြောင့် မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ကစားခွင့် ရဖို့ နီးစပ်နေကြောင်း သက်ထားသူဇာရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ထုတ်ဖော် ပြောဆိုလာပါတယ်။

ကြက်တောင်မယ် သက်ထားသူဇာက အသက် ၂၅နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ သူမက ပြိုင်ပွဲအများအပြားမှာလည်း ချန်ပီယံ အဖြစ် အောင်ပွဲခံထားနိုင်ပါတယ်။

Photo Credit: Global New Light of Myanmar

သက်ထားသူဇာက ကမ္ဘာ့အဆင့် (၅၀) အတွင်းမှာ အမြဲတမ်း ရှိနေတဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် ဖြစ်ပြီး သူမက ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ရခဲ့ပေမယ့် ပြိုင်ပွဲရဲ့ အစောပိုင်းမှာတင် အင်ဒိုနီးရှား ကြက်တောင်မယ် မာရီစကာ တန်ဂျွန်နဲ့ ဘယ်လ်ဂျီယံ ကြက်တောင်မယ် လီယန်နီတန်တို့ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ ရှုံးနိမ့်ပြီးနောက် သက်ထားသူဇာက သူမရဲ့ လက်စွမ်းတွေ တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆက်တိုက် ဝင်ပြိုင်ကာ လက်ရည်သွေးခဲ့ပြီး သူမရဲ့ တိုးတက်လာတဲ့ လက်စွမ်းတွေကြောင့် ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: BWF World Championships

၂၀၂၄ ပဲရစ်အိုလံပစ်ဝင်ခွင့်နဲ့ ပတ်သတ်ပြီး သက်ထားသူဇာရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က – “အိုလံပစ်က အဆင့်(၃၆)လောက် အထိ ကစားခွင့်ပေးတဲ့ အထဲမှာ လက်ရှိ သူက အဆင့်(၂၂)ပေါ့။ အဆင့်သတ်မှတ်ချက်က ပြီးခဲ့တဲ့နှစ် ဧပြီလ ကနေ အခုနှစ် ဧပြီလ အထိ ကောက်တာဆိုတော့ သူက အိုလံပစ်အတွက် ဝင်သွားပြီ။ ရာခိုင်နှုန်းအရဆို ဝင်ဖို့ ရာခိုင်နှုန်း များသွားပြီပေါ့။ ထပ်ရိုက်ရင်းနဲ့ အမှတ်တွေ ထပ်တက်လာရင် အဆင့်သတ်မှတ်ချက်က တဖြည်းဖြည်း တိုးလာမှာပေါ့” ဟု ပေါ်ပြူလာနယူးစ်ဂျာနယ်နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့တာပါ။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြက်တောင်မယ်တွေရဲ့ ကမ္ဘာ့အဆင့်တွေကို World Rankingနဲ့ World Tour Ranking ဆိုပြီး ၂မျိုး ခွဲထားကာ World Rankingမှာ သက်ထားသူဇာဟာ အဆင့်(၄၂) နေရာမှာ ရှိနေပေမယ့် World Tour Rankingမှာတော့ အဆင့်(၂၆) အထိ ရောက်ရှိနေပါတယ်။ (World Rankingနဲ့ World Tour Rankingတွေကို BWF Website ကနေ ရယူ ဖော်ပြပေးထားတာပါ)

Source – Porpoular News Journal , BWF